ဝန်တင်လားတွေကိုအစားထိုးဖို့အတွက် အိန္ဒိယကြည်းတပ် လော်ဂျစ်စတစ်ဒရုန်းတွေကို စတင်အသုံးပြု
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2024/01/421684056_122126230058118569_5555906346884233211_n-624x418.jpg)
PUBLISHED - January 24, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄
အိန္ဒိယကြည်းတပ်ဟာ စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာအသုံးပြုနေတဲ့ ဝန်တင်လားတွေကို အစားထိုးဖို့အတွက် လော်ဂျစ်စတစ်ဒရုန်းတွေကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။
အိန္ဒိယကြည်းတပ်ဟာ ကားလမ်းကောင်းကောင်းမရှိတဲ့ နယ်စပ်ဒေသက တပ်စခန်းတွေအတွက် အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ရာမှာ အကြမ်းခံတဲ့ဝန်တင်လားတွေကို အသုံးပြုနေတာ နှစ် ပေါင်းရာကျော်သွားပြီဖြစ်ပါတယ်။
အခုလိုလော်ဂျစ်စတစ်ဒရုန်းတွေကိုအသုံးပြုတဲ့အထိ တိုးတက်လာတာဟာ ၂၀၂၇ ခုနှစ်မတိုင်ခင် စစ်သည်အင် အား ၁၀၀၀၀၀ ဝန်းကျင်အထိလျှော့ချမယ့် အိန္ဒိယကြည်းတပ်ရဲ့ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးအစီအစဉ် ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ The Times of India က ပြောပါတယ်။
လော်ဂျစ်စတစ်ဒရုန်းတွေအပြင် အိန္ဒိယကြည်းတပ်ဟာ အန္တရာယ်ရှိတဲ့လမ်းကြောင်းတွေနဲ့ ရာသီဥတုဆိုးရွားတဲ့ အခြေအနေတွေမှာ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့အတွက် လားစက်ရုပ်တွေနဲ့ တစ်ယောက်စီး တောင် တက်အကြမ်းခံကားငယ်လေးတွေကိုလည်း အသုံးပြုသွားမှာဖြစ်ပါတယ်။
အိန္ဒိယကြည်းတပ်ဟာ ၂၀၂၅ ခုနှစ်မကုန်ခင်လောက်မှာ တိရစ္ဆာန်နဲ့ သယ်ယူပို့ဆောင်တဲ့စနစ်ကို ဖျက်သိမ်းဖို့ စီစဉ်ထားပါတယ်။ ဒီကနေ့အချိန်အထိ ကြည်းတပ်ဟာ တောင်တက်အမြောက်တင်လားတွေကို အကောင်ရေ ၁၅၀၀ အထိ လျှော့ ချထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ရိက္ခာ၊ လောင်စာဆီ၊ ရေနဲ့ ခဲယမ်းတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ အထွေထွေဝန်ဆောင်မှုဝန်တင်လား ၃,၃၀၀ ကျော်ကို ၂၀၃၀ ပြည့်နှစ်အကုန်လောက်မှာ အနားပေးလိုက်တော့မှာဖြစ်ပါတယ်။
အနားပေးလိုက်ပြီးနောက်မှာ အဲဒီစစ်မှုထမ်းလားတွေကို အိန္ဒိယကြည်းတပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် အိန္ဒိယကြည်းတပ်စစ်မှုထမ်းကောင်းတံဆိပ်ချီးမြှင့်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
အိန္ဒိယကြည်းတပ်ဟာ လော်ဂျစ်စတစ်ဒရုန်း ၅၆၃ စင်းဝယ်ယူဖို့အတွက် ဒေါ်လာ ၃၈.၅ သန်းတန်ကြေးရှိကန် ထရိုက်လုပ်ငန်းတွေကို အပ်နှံထားပြီးဖြစ်ပါတယ်။
အဲဒီမောင်းသူမဲ့လေယာဉ်တွေဟာ အမြင့်ပေ ၁၂,၀၀၀ ကျော်ကနေ ထောက်ပံ့ရေးပစ္စည်းတွေကို သယ်ယူပို့ ဆောင်နိုင်ရမယ်လို့ ဆိုပါတယ်။
“အဲဒီဒရုန်းတွေက နယ်စပ်ဒေသတစ်လျှောက် တပ်ဖြန့်ချထားတဲ့တပ်ဖွဲ့ဝင်တွေဆီကို လိုအပ်တဲ့ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်နိုင်ပါတယ်။ ဒရုန်းတွေကိုအသုံးပြုပြီး ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ခဲယမ်းတွေပို့ဆောင်ရာ မှာ စစ်သည်တွေ၊ ပေါ်တာတွေနဲ့ တိရစ္ဆာန်အသုံးပြုမှုတွေကို လျှော့ချသွားမှာဖြစ်ပါတယ်။” လို့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
Ref: Indian Army Inducts Logistics Drones to Replace Animal Transport Fleet
#PeopleMedia