• Follow Us on
Latest News

Home ဝါကုန်ကြမ်းများကိုချည်ချောများထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ချည်ထည်များတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

ဝါကုန်ကြမ်းများကိုချည်ချောများထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ချည်ထည်များတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ မတ် ၈

 

မိမိတို့နိုင်ငံ၌ လက်ရှိထွက်ရှိနေသည့် ဝါကုန်ကြမ်းများကို ချည်ချောများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ချည်ထည်များ တင်သွင်းနေရမှုကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် ဝါများ စိုက်ပျိုးထွက်ရှိသော်လည်း ဝါဂွမ်းကို စနစ် တကျဖြင့် ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း၊ လက်ရှိဝါစိုက်ဧက ၅ သိန်း၌ ၁ ဧကလျင် ပိဿာချိန် ၇၀၀ ခန့် ထွက်ရှိမည်ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ် ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ လက်ရှိထွက်ရှိနေသည့် ဝါကုန်ကြမ်းများကို ချည်ချောများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှချည် ထည်များ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောသည်။

 

ဝါဗိုင်းငင်သည့် စက်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အဆင့်မီစွာဖြင့် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ဝါ စိုက်ပျိုးမှုများမှ ထွက်ရှိသည့် ဝါများကို ဗိုင်းငင်ခြင်းအားဖြင့် ဝါဂွမ်း၊ လင်တာဂွမ်း(အမျှင်တို)နှင့် ဝါစေ့များ ထွက်ရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ ဝါစေ့များကို ဆီကြိတ်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဆီစက်လုပ်ငန်းများ လည်ပတ်လာ ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည့်အပြင် ဝါစေ့ကြိတ်ဖတ်များအား တိရစ္ဆာန်အစာများအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဝါဂွမ်းများမှတစ်ဆင့် ချည်ထည်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ယက္ကန်းစက်များ လည်ပတ်နိုင်ခြင်း၊ ရရှိလာသည့် အထည်အလိပ်များကို အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ခြင်း စသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ချည်မျှင်နှင့် အထည်အလိပ်နှင့် ပတ်သက်၍ ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်ခြင်းကြောင့် နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိဝါစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် တိုင်းပြည်စီး ပွားရေးကို ကောင်းမွန်တိုးတက်အောင် အထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း၊ ဝါအထွက်နှုန်းများ တိုးတက် စေရေး လိုအပ်သည့် စိုက်နည်းစနစ်များ၊ သွင်းအားစုများနှင့် အောင်ရေများ ရရှိရေးအတွက် ရေရှည်ကိုကြည့်၍ စီမံတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးထွက်ရှိသည့် ဝါများကိုသိုလှောင်၍ လုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် အလုပ်လက်မဲ့ရာခိုင်နှုန်းကို လျှော့ချ ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဓိကအားဖြင့် ဝါအထွက်နှုန်းများ တိုးတက်စေရေး ဦးစားပေး ဆောင်ရွက်သွားရမည် ဖြစ်သဖြင့် ရည်မှန်းချက်များ ချမှတ်၍ ဆောင်ရွက်သွားရန် လိုကြောင်း ပြောသည်။

 

ထွက်ရှိလာသည့် ဝါများအား ကုန်ချောချည်နှင့်ပိတ်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ နိုင်ငံတွင် ဝတ်ရေးနှင့်ပတ်သက်၍ ဖူလုံသင့်သလောက် ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ် တင်သွင်းနေရကြောင်း၊ အဆင့်မီသည့် ချည်ထည်များကို ထုတ်လုပ်နိုင်ခြင်းဖြင့်  မိမိတို့နိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်းများ တိုးတက်လာပြီး နိုင်ငံအတွက် လိုအပ်သည့် အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါအထွက် နှုန်းများတိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီ သည့်ချည်ထည်များ ထုတ်လုပ် နိုင်ရေးလိုအပ်သည်များကို ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia


Share this post