ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့မှ တနိုင်း-မြစ်ကြီးနား လီဒိုလမ်းမကြီးဘေးတွင် ဆက်ကြေးကောက်ခံနေသည့် KIA၊ PDF စခန်းများ ထပ်မံသိမ်းပိုက်

PUBLISHED - March 25, 2025
မြစ်ကြီးနား၊ မတ် ၂၅
မြစ်ကြီးနား- တနိင်း သွားလမ်းပေါ်ရှိ လီဒိုလမ်းမကြီးဘေး လဝါးကျေးရွာနှင့် ခွန်ဆိုင်ယန်ကျေးရွာတို့တွင် ခြေကုပ်ယူတပ်စခန်းချ ဆက်ကြေးကောက်ခံနေသည့် KIA၊ PDF စခန်းအား ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ယမန်နေ့၊ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“မနေ့က မနက်ပိုင်းလောက်မှာ တိုက်ပွဲဖြစ်သံတွေ ကြားတယ်။ လဝါးနဲ့ ခွန်ဆိုင်ယန် ကျေးရွာအနီးမှာ တပ်စခန်းချ ဆက်ကြေးကောက်နေတဲ့ KIA စခန်းကို ဝင်တိုက်တာ ဟုတ်တယ်။ စခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီ” ဟု အမည်မဖော်လိုသူ လဝါးကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှု ရှိမရှိကိုတော့ ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့မှ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရပြီး၊ တနိင်းမြို့နယ်အနီးရှိ KIA ခြေကုပ်ယူဆက်ကြေးကောက်ခံနေသည့် ကာကင်စခန်းများကို ထပ်မံနယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ်အတွင်းမှ တပ်မဟာ(၂) တပ်ရင်း(၁၄) လက်အောက်ခံ KIA ကာကင်စခန်းများကို ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့နှင့် တပ်မတာ်စစ်ကြောင်းတို့ကပူးပေါင်း၍ မတ်လအတွင်းက စတင်တိုက်ခိုက်သိမ်းပိုက်ခြင်းများ ပြုလုပ်လာကြောင်း သိရသည်။
မြစ်ကြီးနား- တနိုင်းသွားလမ်းပေါ်ရှိ လီဒိုလမ်းမကြီးဘေးတွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းနေသော KIA၊ PDF ပူးပေါင်းစခန်းများကို ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများက ယခုနှစ်ဆန်းပိုင်းကစ၍ ခပ်စိပ်စိပ် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကျော်
#PeopleMedia