ဝါးခယ်မမြို့နယ်တွင် အရန်ပြည်သူ့စစ်တစ်ဦးကို PDF တွေ ပစ်ခတ်

PUBLISHED - June 15, 2024
နေပြည်တော်၊ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ/အုပ်စု၊ ချောင်းဝ(၁)ရပ်ကွက်တွင် နေထိုင်သော အရန်ပြည်သူစစ်တစ်ဦးအား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။
ဇွန်လ (၁၄)ရက် ည (၇)နာရီခွဲ အချိန်ခန့်က ချောင်းဝ (၁)ရပ်ကွက်တွင် နေထိုင်သည့် အရန်ပြည်သူ့စစ် အဖွဲ့ဝင် ကိုရဲရင့်အောင်သည် ဇနီးဖြစ်သူ သားဖြစ်သူတို့နှင့်အတူ ဆိုင်ကယ်စီးနင်းပြီး နေအိမ်သို့ ပြန်လာခဲ့ သည်။
ယင်းနောက် ဂန္ဓာမာလမ်းပေါ်ရှိ နေအိမ်ရှေ့အရောက်တွင် ဆိုင်ကယ်အားရပ်၍ ၎င်းနှင့်သားဖြစ်သူတို့မှာ နေအိမ်ခြံဝန်းအတွင်းသို့ ဝင်ရောက်စဉ် နောက်မှ ဆိုင်ကယ်ဖြင့်လိုက်လာသည့် PDF အဖွဲ့ဝင်များမှ သေနတ် ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုရဲရင့်အောင်တွင် ဝဲနားထင် ကျည်ဖောက်ဝင် ဒဏ်ရာ (၁)ချက် (စိုးရိမ်ရ) ရရှိခဲ့သည့်အတွက် ရွှေလောင်းတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။
#PeopleMedia