ဝိုင်းမော်က ငှက်ပျောခြံတစ်ခုတွင် အမျိုးသားတစ်ဦး ကားပေါ်၌ သေဆုံးလျက်တွေ့

PUBLISHED - January 14, 2021
ဝိုင်းမော်၊ ဇန်နဝါရီ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဝါရှောင်ကျေးရွာအနီး ကငှက်ပျောခြံတစ်ခုတွင် အမျိုးသားတစ်ဦးသည် ကားပေါ်၌ သေဆုံးလျက်တွေ့ခဲ့ကြောင်း ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ယင်းအမျိုးသားမှာ တရုတ်နိုင်ငံသားဖြစ်ပြီး ဝါရှောင်ကျေးရွာအနီး ပါဝါနိုင်းတစ်သျှူး ငှက်ပျောခြံအတွင်းရှိ ကား ပေါ်၌ သေဆုံးလျက်နေသည်ကို ဇန်နဝါရီ ၁၃ ရက်နေ့ကတွေ့ရှိခဲ့ပြီး ယင်းသေဆုံးမှုကို စစ်ဆေးမှုများပြု လုပ်ထားပြီဖြစ်ကြောင်း ဝိုင်းမော်ပြည်သူ့ ဆေးရုံအုပ်ကြီးဒေါက်တာ သိန်းမြို့က ဆိုသည်။
“အကုန်လုံးတော့စစ်ပြီးပြီ ကိုဗစ်လည်းမရှိဘူး။ HIV လည်းမရှိဘူး။ C ပိုးလည်းမရှိဘူး။ ကာလသားပိုးလည်း မရှိဘူး။ ငှက်ဖျားပိုးလည်း မရှိဘူး။ သူမှာကသွေးတိုးရောဂါရှိတယ် ပြောတယ်။ သွေးတိုးရောဂါရှိတော့ အရက် သောက်ပြီး သေဆုံးတာလို့လတ်တလော ယူဆရတယ်” ဟု ဒေါက်တာသိန်းမြို့က ပြောသည်။
လက်ရှိတွင် သေဆုံးသွားသည့် ရုပ်ကလပ်ကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ပေးပို့ထားပြီဖြစ်ကြောင်းလည်း သိရသည်။
“အဲ့ဒီအလောင်းက မြစ်ကြီးနားဆေးရုံကြီး မူခင်းဆရာဝန်ကြီးလက်ထဲမှာအပ်ထားတယ်။ မူခင်းဆရာဝန်ကြီး ကတော့ စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်မှာပေါ့” ဟု ဒေါက်တာသိန်းမြို့က ထည့်သွင်းပြောဆိုခဲ့သည်။
ယင်းအမျိုးသားသေဆုံးမှုသည် လက်ရှိဖြစ်ပွားနေသည့်ကိုဗစ်နိုင်တင်းကူးစက်ရောဂါကြောင့် သေဆုံးရခြင်း မဟုတ်ကြောင်း၊ ယင်းသေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ အသေးစိတ်စုံစမ်းမှုများပြုလုပ်နေကြောင်း သိရသည်။
လွမ်းအောင်
Photo – Credit
#PeopleMedia #ကချင်ပြည်နယ်
(unicode)
………………………………………………..
Photo – Credit