ဝိုင်းမော်မြို့နယ် တာဆန့်ကျေးရွာနှင့် ဦးလောက်ကျေးရွာကြားတွင် တစ်ပတ်ကျော် ရေမြှုပ်နေသည့် ငှက်ပျော ကား နှစ်စီးအား ပြန်လည်ဆွဲထုတ်နိုင်

PUBLISHED - June 24, 2022
ဝိုင်းမော်၊ ဇွန် ၂၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆန်းခါးကျေးရွာအုပ်စု တာဆန့်ကျေးရွာနှင့် ဦးလောက်ကျေးရွာကြားတွင် တစ်ပတ်ကျော် ရေမြှုပ်နေသည့် ငှက်ပျောကား နှစ်စီးကို ဇွန်လ ၂၃ ရက်နေ့က ပြန်လည်ဆွဲထုတ်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေတက်လာပြီး ဝိုင်းမော်မြို့နယ် တာဆန့်ကျေးရွာနှင့် ဦးလောက်ကျေးရွာကြားတွင် ငှက်ပျောသယ်ဆောင်လာသည့် ကားတစ်စီးနှင့် ငှက်ပျော ချပ်ဖါသယ်လာသည့် ကားသုံးစီးတို့ ဇွန် ၁၆ ရက်နေ့က နှစ်မြှုပ်ခဲ့ခြင်း ဖြစ်သည်။
ရေများပြန်လည်ကျဆင်းလာသည်ဖြစ်၍ အဆိုပါ ငှက်ပျောကား နှစ်စီးအား ယနေ့ နံနက်ပိုင်းအချိန်က ဘတ် ဟိုး၊ ကရိန်းကားတို့ဖြင့် ပြန်လည်ဆွဲထုတ်နိုင်ခဲ့ကြောင်း ဝိုင်းမော်မြို့နယ် ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောပြသည်။
“ရေနစ်မြှုပ်နေတဲ့ ငှက်ပျောကားတွေကို ဒီနေ့မနက်ပိုင်း အချိန်ကစပြီး ငှက်ပျောကုမ္ပဏီတွေက လာရောက်ပြီး ဘတ်ဟိုးတစ်စီး၊ ကရိန်းတစ်စီးတို့နဲ့ ပြန်လည်ဆွဲထုတ်ပေးနိုင်ခဲ့တယ် အဲ့လိုလုပ်ဆောင်နေတာကို ကျွန်တော်တို့ ကြက်ခြေနီအဖွဲ့သတင်းကြားလို့ သွားရောက်ကူညီပေးဖို့ရောက်ရှိတဲ့အချိန်မှာတော့ အားလုံးဆွဲထုတ် ဆွဲတင် လုပ်ငန်းတွေ ပြီးစီးနေတာ တွေ့ရတယ်၊ ကားတွေကိုတော့ ဆွဲထုတ်နိုင်ခဲ့ပြီ ရေလည်းပြန်ကျနေပြီ” ဟု ၎င်းက ပြောပြသည်။
ဝိုင်းမော်မြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် သဘဝဘေးအန္တရာယ်ကျရောက်လာပါက အများပြည်သူများ အတွက် တက်စွမ်းသလောက် ကျရာနေရာမှ ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် အကူညီလိုအပ်ပါ က နေ့ညမပြတ်ဝိုင်းဝန်းကူညီပေးသွားနိုင်ရန် စီစဉ်ထားကြောင်း ဝိုင်းမော်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ခွဲမှူးက ထည့်သွင်းပြောဆိုသည်။
လက်ရှိအချိန်တွင် မြစ်ရေပြန်လည်ကျဆင်းလာပြီဖြစ်၍ ယင်းလမ်းပိုင်းတွင် ကားငယ်များပါ ဖြတ်သန်း သွား လာနိုင်တော့ရန် အနေအထားရှိနေကြောင်း သိရသည်။
ယင်းဖြစ်ပွားရာနေရာသည် နှစ်စဉ် မိုးရာသီ၌ ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသည့် နေရာဖြစ်၍ မိုးအဆက် မပြတ်ရွာသွန်းချိန်များတွင် မြစ်ရေတိုးလာတတ်ပြီး ဖြတ်သန်းသွားလာရန် မသင့်တော်သည့် နေရာတစ်ခုဖြစ် ကြောင်းနှင့် မြစ်ရေတိုးလာပါက အဆိုပါလမ်းပိုင်းအား သက်ဆိုင်ရာက တားမြစ်ပိတ်ပင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြတ်မင်း
#PeopleMedia
(unicode)
……………………………………
#PeopleMedia