• Follow Us on
Latest News

Home ဝိုင်းမော်မြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦး သေဆုံး ကာ၊ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

ဝိုင်းမော်မြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦး သေဆုံး ကာ၊ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

မြစ်ကြီးနား၊ ဇွန် ၁၁

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာတွင် ယမန်နေ့ ဇွန်လ (၁၁) ရက်နေ့၊ ည (၈) နာရီခန့်က တိုက်ပွဲများဖြစ်ပွားရာမှ လက်နက်ကြီးကျည်များကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတစ်ဦး သေဆုံးခဲ့ကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

 

ခတ်ချိုကျေးရွာ အလယ်ပိုင်း၊ လမ်းသွယ် ၁၂ ရှိ နေအိမ်တစ်လုံးတွင် ညအချိန် မိသားစုများ ထမင်းစားနေစဉ် အိမ်ခေါင်မိုးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

 

“မနေ့က ခတ်ချိုနားတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ လက်နက်ကြီးတွေလဲ ရွာထဲကျခဲ့တယ်။ အဲ့ဒီမှာ နေအိမ်တစ်လုံးက မိသားစုတွေ ထမင်းစားနေချိန် ထမင်းစားဆောင်ပေါ်ကို ကျရောက်ပေါက်ကွဲသွားခဲ့တယ်။ အဲ့ဒီမှာ အပြစ်မဲ့အရပ်သားတစ်ဦး သေဆုံးသွားတယ်၊ ၆ ဦးလောက်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ အိမ်မွေး ခွေးတစ်ကောင်လဲ သေဆုံးခဲ့တယ်” ဟု ၎င်းကပြောသည်။

 

သေဆုံးသူအမျိုးသားမှာ အသက် (၂၆)နှစ်အရွယ် အများခေါ် ကိုသားငယ်ဆိုသူဖြစ်ကာ အမျိုးသား ၂ ဦး၊ အမျိုး သမီး ၄ ဦး၊ စုစုပေါင်း ၆ ဦးမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

 

အလားတူ မေလ (၂၁)ရက်နေ့ကလည်း ခတ်ချိုကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ကွဲမှုကြောင့် လင်မယား (၂)ဦးနှင့် အမျိုးသမီး (၃)ဦး စိုးရိမ်ရ ဒဏ်ရာများရရှိကာ မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရ ကြောင်း သိရသည်။

 

ဗညားနွဲ့

 

#PeopleMedia


Share this post