• Follow Us on

Home ဝိုင်းမော်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်

ဝိုင်းမော်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်

Share this post

ဝိုင်းမော်၊ ဇွန် ၁၇

 

မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ  စာသင်ကျောင်းများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲများ ဖြစ်ပွားမှုရှိခဲ့၍ ကျောင်းများကို ယာယီပိတ်ထားရာမှ ယနေ့တွင် ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း ပညာရေး ဝန်ထမ်းများထံမှ သိရသည်။

 

ဝိုင်းမော်မြို့နယ်များအတွင်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့၍ ဝိုင်းမော် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများကို  ပြီးခဲ့သည့် ဇွန် (၁၂) ရက်နေ့က ယာယီပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

 

“ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြန်ပြင်းထန်လာလို့ ကလေးတွေ ကျောင်းသွားကျောင်းပြန် ခက်ခဲမှာ ဆိုးတဲ့အတွက် ကျောင်းကိုသုံးရက် ပိတ်ပေးခဲ့တာပါ။ အခုတော့ ပြန်လည်ဖွင့်ပေးနေတယ်” ဟု ၎င်းကရှင်းပြ သည်။

 

ဝိုင်းမော်မြို့နယ်အတွင်း ဇွန်လ (၃) ရက်နေ့ကစ၍  ဖွင့်လှစ်လျက်ရှိသည့် အထက(၁)၊ (၂)၊ သာဂရ၊ မိုင်းနား၊ နောင်ချိန်း စသည့်ကျောင်းများကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ ယာယီပိတ်ထားခဲ့ပြီး တနင်္လာနေ့ တွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝါရှောင် ၁၃ ကီလို စုပေါင်းဂိတ်နှင့် ဝိုင်း‌မော် ကံပိုင်တည်သွားလမ်းပေါ်ရှိ နယ်ခြား စောင့် တပ်စခန်း၊ ပြည်သူ့စစ် တပ်စခန်းတို့တွင် ဇွန်လ (၁၁) ရက်နေ့ နံနက်အစောပိုင်းက KIA၊ PDF ပူးပေါင်း အဖွဲ့က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းနှင့် ဘက ဘုန်းတော်ကြီးကျောင်းများ အပါအဝင် ကျောင်းပေါင်း (၁၅၀) ရှိကြောင်း သိရပြီး၊ လက်ရှိအချိန်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ စာသင်ကျောင်းတချို့ ယာယီပိတ်ထားရကြောင်း သိရသည်။

 

ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်း အဖွဲ့တို့ကြား မေလ (၁၈) ရက်နေ့ကစ၍ တိုက်ပွဲ များ ပြင်းထန်ခဲ့၍ ရွှေညောင်ပင်၊ အောင်မြေ (၁)၊ (၂) ခါးရှီ၊ အင်လေး၊ စန်းခါး၊ နန်ဆန်ယန်၊ ဒဘတ်ယန်၊ ကဇူး ဒေသများမှ ဒေသခံပြည်သူများသည် မခေါယန်၊ မခေါတီ၊ လဘန်၊ နောင်းချိန်း၊ အင်ပေါင်၊ ဟန်ဂေါ်၊ အင်ဂန်း၊ မလိယန်၊ ခမ်းဘူ အစရှိသည့် ကျေးရွာများအပြင် ဂွေထုကျေးရွာများအထိ သွားရောက်တိမ်းရှောင် နေထိုင် လျက်ရှိကြောင်း သိရသည်။

 

မြတ်မင်း

 

#PeopleMedia


Share this post