ဝိုင်းမော်မြို့နယ်၊ နောင်စီပေါကျေးရွာအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှုရှိလာ

PUBLISHED - June 14, 2024
ဝိုင်းမော်၊ ဇွန် ၁၄
မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်စီပေါကျေးရွာဘက်တွင် ပိတ်မိနေသည့် ဒေသခံပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှုများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာအုပ်စု၊ နောင်စီပေါကျေးရွာအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူများ စား နပ်ရိက္ခာ ပြတ်လပ်မှုရှိနေသည့်အပြင် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့ဘက်သို့ သွားလာခွင့်မရ၍ အခက်အခဲများ ပိုမိုကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများက ဆိုသည်။
“ကျွန်တော်တို့ နောင်စီပေါမှာ အိမ်စောင့်၊ လယ်စောင့်နေတဲ့ ဒေသခံပြည်သူတွေ အများကြီးရှိတယ်။ လယ်ယာ လုပ်ကိုင်ဖို့လည်း အဆင်မပြေ အဖမ်းခံရတယ်။ စိုက်ပျိုးရေးသုံးပစ္စည်းတွေလည်း ဝယ်လို့မရဘူး။ ဝိုင်းမော်၊ မြစ်ကြီးနားဘက် တက်လို့မရဘူး။ အဲ့ဘက်သွားရင် ရွာကိုပြန်ဝင်ခွင့် မပေးဘူး။ လိုအပ်တာတွေကို တာလော ကြီးမှာဘဲဝယ်ဖို့ အမိန့်ထုတ်ထားတယ်” ဟု အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ရှင်းပြသည်။
ယင်းသို့ အမိန့်ထုတ် အုပ်ချုပ်ထားသည့်အတွက် နောင်စီပေါ ဒေသခံပြည်သူများမှာ တာလောကြီးကျေးရွာသို့ သွား၍ ဆန်၊ ဆီ၊ ဆားနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများကို ဈေးနှုန်းကြီးကြီး ပေးဝယ်နေရကြောင်း သိရသည်။
“မြို့တွေက ဈေးနှုန်းတွေနဲ့ တော့ အများကြီးကွာတာပေါ့။ ဒါပမယ့်လည်း မြို့ပေါ်တက်ခွင့်မရတော့ ရတဲ့နေရာ သွားဝယ်ရတာပေါ့။ သူတို့ကို သတင်းမပို့ပဲနဲ့ ဘာမှလုပ်မရဘူး။ ဘယ်သွားမယ်၊ ဘာလုပ်မယ် အကုန်ပြောရ တယ်။ ရွာထဲမှာလည်း သူတို့တွေရှိတော့ တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကျရောက်ပေါက်ကွဲတာ ရှိတယ်။ ပြည်သူတွေက မြေစာပင် ဖြစ်နေတယ်” ဟု ယင်းကထပ်မံပြောသည်။
နောင်စီပေါကျေးရွာအတွင်း၌ KIA၊PDF ပူးပေါင်းအဖွဲ့မှ ကျေးရွာအနီးတဝိုက်ရှိ ဒေသခံပြည်သူတို့၏ နေအိမ်များ တွင် တပ်စွဲနေထိုင်ခြင်းများ ပြုလုပ်လျက်ရှိပြီး၊ ၎င်းတို့၏ အမိန့်အား နာခံမှုမရှိ၊ ဖောက်ဖျက်သူများကို ဖမ်းဆီး၍ တာလောကြီးဘက်သို့ ပို့ဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နောင်စီပေါကျေးရွာအတွင်းမှ ဒေသခံပြည်သူ (၁၀)ဦး ထက်မနည်း ပြီးခဲ့သည့် လပိုင်းက ဖမ်းဆီးခံခဲ့ရပြီး၊ KIA အဖွဲ့ ထိန်းချုပ်ထားသည့် တာလောကြီးတိုက်နယ်သို့ ပို့ဆောင်ခဲ့ရာ ယနေ့အထိ ပြန်လည်လွတ်မြောက်လာ ခြင်း မရှိသေးကြောင်း သိရသည်။
ရန်နိုင်
#PeopleMedia