ဝီဂါတွေပြန်ပို့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး EU ဆုံးဖြတ်ချက်က ထိုင်း-ဥရောပသမဂ္ဂ FTA သဘောတူညီချက်ကို နှောင့်နှေး ကြန့်ကြာစေနိုင်ကြောင်း ပညာရှင်တစ်ဦးပြော

PUBLISHED - March 17, 2025
နိုင်ငံတကာ၊ မတ် ၁၇
ဝီဂါမူဆလင်တွေ တရုတ်နိုင်ငံကို ပြန်ပို့တဲ့ကိစ္စဟာ ထိုင်းနိုင်ငံနဲ့ ဥရောပသမဂ္ဂ (EU) တို့ရဲ့ ကုန်သွယ်ရေး လွတ်လပ်ခွင့် သဘောတူညီချက် (FTA) ကို ထိခိုက်နိုင်တဲ့အတွက် အဆိုပါကိစ္စကို သေသေချာချာ ရှင်းပြဖို့ လိုအပ်ကြောင်း ပညာရှင် တစ်ဦးက ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံက ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ဝီဂါလူမျိုး ၄၀ ကို တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို ပြစ်တင်ရှုတ်ချခဲ့ရာမှာ ထောက်ခံမဲ ၄၈၂ မဲ၊ ကန့်ကွက်မဲ ၅၇ မဲ၊ ကြားနေမဲ ၆၈ မဲနဲ့ လူ့အခွင့်အရေး အရ ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို ဥရောပပါလီမန်က ပြီးခဲ့တဲ့အပတ် မတ်လ ၁၃ ရက်နေ့ (ကြာသပ တေးနေ့) က လက်ခံခဲ့ပါတယ်။
ထိုင်းနိုင်ငံက ဘုရင်စနစ်ကိုကာကွယ်ထားတဲ့ဥပဒေကို ပြင်ဆင်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဝီဂါ လူမျိုးတွေ ပြန်ပို့နေတာကို ရပ်တန့်ဖို့အတွက် ထိုင်းနိုင်ငံကို ဖိအားပေးဖို့ ကုန်သွယ်ရေး လွတ်လပ်ခွင့်သဘော တူညီချက် (FTA) ညှိနှိုင်းမှုကို အသုံးပြုချဖို့ ဥရောပကော်မရှင်ကိုလည်း အဖွဲ့ဝင်နိုင်ငံတွေက တိုက်တွန်းခဲ့ပါတယ်။
Thailand-EU FTA ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့အချိန်အထိ လေးကြိမ်ဆွေးနွေးညှိနှိုင်းခဲ့ပြီးဖြစ်ရာ ငါးကြိမ်မြောက် စေ့စပ် ညှိနှိုင်းပွဲကို မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပသွားဖို့အတွက် EU က ရက်သတ်မှတ် ထားပါ တယ်။
ထိုင်းနိုင်ငံနဲ့ ဥရောပသမဂ္ဂဟာ အဲဒီ FTA သဘောတူညီချက်ကို ဒီဇင်ဘာ ၂၅ ရက်နေ့မတိုင်ခင် အပြီးသတ်ဆောင်ရွက် ဖို့ ရည်မှန်းထားပါတယ်။
ဝီဂါတွေကို တရုတ်ကို ပြန်ပို့ရင် ညှင်းပန်းနှိပ်စက်ခံရမယ်လို့ ပြောထားတဲ့ကြားက ပြန်ပို့ခဲ့တဲ့အတွက် အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံက အရာရှိတွေကို အရေးယူပိတ်ဆို့ကြောင်း ပြီးခဲ့တဲ့အပ တ်သောကြာနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံကို ပြန်ရောက်ရင် ဝီဂါလူမျိုးတွေဟာ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်းတို့ ကြုံတွေ့ရနိုင် တဲ့အတွက် ဝီဂါမူဆလင်တွေကို တရုတ်နိုင်ငံကို ပြန်ပို့ဖို့ တခြားနိုင်ငံတွေကို ဖိအားပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှု တွေကို တိုက်ဖျက်ဖို့ အမေရိကန်အစိုးရက ဆုံးဖြတ်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော် ပြထားပါတယ်။
ဥရောပသမဂ္ဂ (EU) ဟာ လူ့အခွင့်အရေး၊ အလုပ်သမားရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေးတွေ အလေး ထားတဲ့အတွက် ဥရောပပါလီမန်ရဲ့ ဆောင်ရွက်ချက်ဟာ Thailand-EU FDA သဘောတူညီချက်ကို နှောင့်နှေး ကြန့်ကြာသွားစေနိုင် ကြောင်း နိုင်ငံတကာစီးပွားရေးကျွမ်းကျင်သူနဲ့ Intelligence Research Consultant ရဲ့ အကြံပေးအရာရှိ အတ်ပီဆန်ဝါ နစ်ချ်က ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဝီဂါလူမျိုးတွေကို ပြန်ပို့တဲ့အကြောင်း ဥရောပသမဂ္ဂကို ရှင်းရှင်းလင်းလင်း ပြောပြာရမှာဖြစ်ပြီး အဲဒီလို ဆောင်ရွက်တာဟာ လူ့အခွင့်အရေးချိုးဖောက်ခဲ့တာမဟုတ်ကြောင်း ရှင်းပြဖို့ အတ်ပီဆန်ဝါနစ်ချ်က ထိုင်းအစိုးရကို အ ကြံပြုပါတယ်။
ဝီဂါတွေ ပြန်ပို့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဲ့ ရှင်းပြမှုဟာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း အထူးသဖြင့် တတိယနိုင်ငံတစ်နိုင်ငံက ဝီဂါတွေကို လက်ခံဖို့ အသင့်ဖြစ်နေတဲ့အချက်ကို မရှင်းလင်းကြောင်း ၎င်းက ထောက်ပြပါ တယ်။
“ထိုင်းအစိုးရလုပ်ရမှာက ဒီကိစ္စကို သေသေချာချာ ရှင်းပြရမှာဖြစ်ပြီး တကယ့်စစ်မှန်တဲ့သက်သေ အထောက်အ ထားကို ဥရောပသမဂ္ဂကို တင်ပြရမှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လူ့အခွင့်အရေးနဲ့ အလုပ်သမားပြဿနာတွေ မရှိတဲ့အတွက် Vietnam-EU FTA သဘောတူညီချက်ကို ထိုင်းနိုင်ငံက ဘာမှမလုပ်ခင် လွန်ခဲ့တဲ့ ၄/၅ နှစ်ကတည်း က ဗီယက်နမ်က အောင်မြင်အောင်လုပ်ဆောင်ခဲ့ပြီဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မတင်ပြနိုင်ဘူးဆိုရင် ဆွေးနွေးပွဲမှာ အခက်အခဲတွေ ဖြစ်လာမှာဖြစ်တဲ့ အ တွက် လာမယ့် FTA စေ့စပ်ညှိနှိုင်းရေးပွဲမှာ ဝီဂါတွေ ပြန်ပို့တဲ့ကိစ္စကို သေသေချာချာ ရှင်းပြဖို့ ကုန်သွယ်ရေး ဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို အတ်ပီဆန်ဝါနစ်ချ်က တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ နှစ်ဖက်စလုံးဟာ FTA သဘောတူညီချက်ကို မကြာခင် အပြီးသတ်ဆောင်ရွက်နိုင်ဖို့ သဘော တူထား ပြီးဖြစ်တဲ့အ တွက် FTA နဲ့ ဝီဂါပြန်ပို့တဲ့အရေး ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာကို ကုန်သွယ်ရေးဝန်ကြီး ဖိချိုင်းနာရစ်သာဖန်း က ပယ်ချခဲ့ပါတယ်။
“ဒီသဘောတူညီချက်ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ မြှင်တင်ခြင်း၊ အတားအဆီးတွေ လျှော့ချ ခြင်း၊ ကုန်သွယ်ရေးပိုမိုအဆင်ပြေချောမွေ့အောင်ဆောင်ရွက်ခြင်း၊ နှစ်ဖက်စလုံးက စွန့်ဦးတီထွင်စီး ပွားရေးလုပ်ငန်းရှင် တွေ ပေါ်ထွက်လာဖို့ ထပ်မံအားပေးမြှင့်တင်ခြင်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဝီဂါလူမျိုးတွေပြန်ပို့တာနဲ့ တခြား နိုင်ငံရေးပြဿနာတွေဟာ ထိုင်း-ဥရောပသမဂ္ဂ FTA သဘောတူညီချက်ထဲမှာ ပါဝင် ခြင်းမရှိကြောင်း၊ FTA ကိစ္စအောင်မြင်ဖို့က စေ့စပ်ညှိနှိုင်းမှုတွေအပေါ်မှာသာ မူတည်ကြောင်း ၎င်းက ပြောပါတယ်။
Ref: EU resolution on Uyghur deportation could delay FTA: Academic
#PeopleMedia