ဝေါမြို့နယ်သဲကွင်းကို PDF မှ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အလုပ်လုပ်နေသည့် ဒေသခံ ၄ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - November 8, 2023
နေပြည်တော်၊ နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးရှိ သဲကွင်း၌ အလုပ်လုပ် နေသည့် ဒေသခံပြည်သူများကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက် သမားများက Drop Bomb များဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအနီး စစ်တောင်းမြစ် ကမ်းဘေးရှိ ဒေသခံပြည်သူများ အလုပ်လုပ် ကိုင်နေသည့် သဲကွင်းနေရာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အမြင့်မီတာ ၅၀၀ ခန့်အကွာမှ Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အေးချမ်းစွာ အလုပ်လုပ်ကိုင်လျက်ရှိသော အပြစ်မဲ့ဒေသခံ ပြည်သူအမျိုးသား ၄ ဦး သေဆုံးပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ ပေါင်း ၆ ဦး တို့ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ဝေါမြို့နယ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများ အား သေဆုံး၊ ဒဏ်ရာရရှိ အောင် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
#PeopleMedia