• Follow Us on

Home သက်ကြီးရွယ်အိုတွေဘဝ လုံခြုံစိတ်ချရစေရေး “အငြိမ်းစားထီ” ဖွင့်လှစ်ရန် ထိုင်းအစိုးရစဉ်းစားနေ

သက်ကြီးရွယ်အိုတွေဘဝ လုံခြုံစိတ်ချရစေရေး “အငြိမ်းစားထီ” ဖွင့်လှစ်ရန် ထိုင်းအစိုးရစဉ်းစားနေ

Share this post

နိုင်ငံတကာ၊ ဇွန် ၇

 

ထိုင်းနိုင်ငံမှာ သက်ကြီးရွယ်အိုတွေဘဝ လုံခြုံစိတ်ချရဖို့အတွက် တစ်ပတ်မှာ ထိုင်းဘတ်ငွေ ၁ သန်း ဆုကြေး ချီးမြှင့်မယ့် “အငြိမ်းစားထီ” အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက စဉ်းစား နေကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

အခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ သက်ကြီးရွယ်အိုလူဦးရေ ၁၃ သန်းကျော်အထိ ရှိလာမယ့်လို့ မျှော်မှန်းထားတဲ့အ တွက် သက်ကြီးရွယ်အိုများကြား ငွေကြေးစုဆောင်းရေး အားပေးတိုက်တွန်းဖို့နဲ့ အငြိမ်းစားယူပြီးနောက် ငွေ ကြေး အကျပ်အတည်းမရှိဘဲ တည်ငြိမ်အေးဆေးစွာဖြတ်သန်းနိုင်ရေးအတွက် ထီအစီအစဉ်သစ်တစ်ခုကို အ ကောင်ထည်ဖော်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက စဉ်းစားနေတာဖြစ်ပါတယ်။

 

“အငြိမ်းစားထီ” ကို အပတ်စဉ်ဖွင့်လှစ်သွားမှာဖြစ်ပြီး ထီမပေါက်တဲ့လက်မှတ်တွေကို ဘဏ်စုငွေအဖြစ် စုဆောင်းပေးသွားမှာဖြစ်ကြောင်း ဒုတိယဘဏ္ဍာရေးဝန်ကြီး ပအိုပွမ်းရိုဂျာနာဆာကူလ်က ကြာသပတေးနေ့က ပြောပါတယ်။

 

ထီလက်မှတ်ဝယ်ယူထားသူတွေဟာ အဲဒီစုဆောင်းပေးထားတဲ့ ငွေတွေကို ၎င်းတို့အသက် ၆၀ ပြည့်တဲ့အချိန် ရောက်မှသာ ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

 

ဒစ်ဂျစ်တယ်ဖောမက်ကနေ ထုတ်ပေးမယ့် အဲဒီထီအစီအစဉ်ကို “အမျိုးသားငွေကြေးစုဆောင်းမှုရန်ပုံငွေ” (National Saving Fund – NSF) ကနေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

 

လက်မှတ်တစ်စောင်ကို ဘတ် ၅၀ ကျသင့်မှာဖြစ်ပြီး NSF အပလီကေးရှင်းကတစ်ဆင့် လူတစ်ဦးကို တစ်လကို အမြင့်ဆုံး ဘတ် ၃,၀၀၀ ဖိုး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

 

ထီအစီအစဉ်ရဲ့ ပထမအဆင့်မှာ သီးသန့်ရွေးချယ်ထားတဲ့ လူဦးရေ သန်း ၂၀ ဝန်းကျင်ကို လက်မှတ်တွေရောင်း ချပေးသွားမှာဖြစ်ပါတယ်။

 

အဲဒီအုပ်စုထဲမှာ NSF အဖွဲ့ဝင်တွေ၊ လူမှုဖူလုံရေးအက်ဥပဒေ ပုဒ်မ ၄၀ အရ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပြီး အာမ ခံထားရှိထားသူတွေနဲ့ informal အလုပ်သမား (အလုပ်သမားဥပဒေနဲ့အညီ စာချုပ်နဲ့ခန့်အပ်ထားခြင်းမရှိဘဲ အ လွတ်သဘောခန့်အပ်ထားတဲ့အလုပ်သမား – ဥပမာ စတိုးဆိုင်/ဈေးဆိုင်တွေမှာ လက်တန်းခန့်ထားတဲ့အလုပ်သ မား) တွေ ပါဝင်ပါတယ်။

 

ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေဆီက တုံ့ပြန်မှုအပေါ်မူတည်ပြီး ထီစီမံချက်သတ်မှတ်အုပ်စုကို တိုးချဲ့ သွားဖို့လည်း စဉ်းစားသွားမှာဖြစ်ကြောင်း ပအိုပွမ်းက ပြောပါတယ်။

 

ထီဆုတွေကို အပတ်စဉ်သောကြာနေ့တိုင်းကြေညာသွားမှာဖြစ်ပြီး ပထမဆု ဘတ်ငွေ ၁ သန်း (Bangkok Post မှာတော့ ပထမဆု ဘတ် ၁ သန်းဆုကို ငါးဆုလို့ရေးသားထား။) နဲ့ ဒုတိယဆုက ဘတ်ငွေ ၁၀၀၀ ချီးမြှင့်မယ့် ဆု မဲပေါင်း ၁၀၀၀၀ ဖြစ်ပါတယ်။

 

အငြိမ်းစားထီအတွက် တစ်နှစ်ကို ဘတ်ငွေ သန်း ၇၈၀ သုံးစွဲသွားဖို့ ရည်မှန်းထားပြီး အဲဒီပမာဏဟာ အစိုးရရဲ့ သက်ကြီးရွယ်အိုထောက်ပံ့ရေးအစီအစဉ်မှာသုံးစွဲတဲ့ ရန်ပုံငွေထက် သိသိသာသာ နည်းပါးတယ်လို့ဆိုပါတယ်။

 

အစိုးရရဲ့ သက်ကြီးရွယ်အိုထောက်ပံ့ရေးအစီအစဉ်ကတော့ သတ်မှတ်ချက်နဲ့ပြည့်စုံတဲ့ အသက် ၆၀ ကျော် အဖိုး/အဖွားတွေကို တစ်လကို ဘတ် ၆၀၀ ကနေ ဘတ် ၁၀၀၀ အထိ လစဉ်ထောက်ပံ့ပေးတာဖြစ်ပါတယ်။

 

၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း သက်ကြီးရွယ်အိုထောက်ပံ့ရေးအစီအစဉ်အတွက် သုံးစွဲငွေဟာ ဘတ်ငွေ ၈၆ ဘီလျံရှိပြီး အခုနှစ်အတွင်း ဘတ်ငွေ ဘီလျံ ၉၀ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

 

“အဆိုပြုထားတဲ့ အငြိမ်းစားထီအစီအစဉ်ဟာ အကြမ်းဖျင်းအစီအစဉ်ပဲရှိပါသေးတယ်။ အစီအစဉ်ကို အချော သတ်ပြင်ဆင်ရဦးမှာဖြစ်သလို ပြည်သူတွေရဲ့တုံ့ပြန်မှုကိုလည်း နားစွင့်ရဦးမှာပါ။” လို့ ပအိုပွမ်းက ပြောပါတယ်။

 

“အစီအစဉ်ဖြစ်မြောက်ဖို့အ တွက် အမျိုးသားငွေကြေးစုဆောင်းမှုအက်ဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ရဦးမှာ ဖြစ်ပါတယ်။ အဲဒီလိုပြင်ဆင်ဖို့အတွက် ခြောက်လကနေတစ်နှစ်အထိ အချိန်ယူဆောင်ရွက်ရမှာပါ။ ဒါပေမဲ့ တတ် နိုင်သမျှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ဖို့ ကြိုးစားသွားမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Govt mulls ‘retirement lottery’ to promote saving habits for would-be seniors

 

#PeopleMedia


Share this post