သက်ဆင်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာငြိမ်းချမ်းရေးရစေချင်လို့ လက်နက်ကိုင်အုပ်စုနဲ့ တွေ့ဆုံခဲ့တာဖြစ်ကြောင်း ပေထောင်တန်ပြော
PUBLISHED - May 15, 2024
နိုင်ငံတကာ၊ မေ ၁၅
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာခင်မင်ရင်းနှီးမှုကို အသုံးပြုပြီး ထိုင်း- မြန်မာနယ်စပ် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာဖြစ်ကြောင်း သမီးဖြစ်သူ ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထရာက အင်္ဂါနေ့ (မေလ ၁၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင် မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ရေးအုပ်စုတွေနဲ့ တွေ့ဆုံခဲ့တာကို ၎င်းက ရည်ညွှန်းပြီး ဖခင်အတွက် ကာကွယ်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့အနောက်ဘက်မှာ ကပ်နေတဲ့ အိမ်နီးချင်းမြန်မာနိုင်ငံထဲက ပဋိပက္ခတွေ ကြိုးစားဖြေရှင်းနိုင်ဖို့အ တွက် ကချင်အမျိုးသားအစည်းအရုံး KIO နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ကိုယ်စားလှယ်တွေနဲ့ သက်ဆင်တို့ မကြာသေးခင်ကပဲ တွေ့ဆုံခဲ့ကြကြောင်း VOA Burmese က မေလ ၆ ရက်နေ့က ရေးသားဖော် ပြခဲ့ပါတယ်။
အဆိုပါအဖွဲ့နှစ်ဖွဲ့နဲ့ တွေ့ဆုံပြီးနောက် သက်ဆင်ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်း ပြည်တပ်မတော် (SSA) တို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း VOA Burmese က ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့လုပ်ရပ်ကို ထိုင်းနိုင်ငံမှာရှိတဲ့ ပါတီလေးငါးခုက ဝေဖန်ခဲ့ကြသလို အောက်လွှတ် တော်အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီကလည်း စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်ခဲ့ပါတယ်။
သက်ဆင်ဟာ အစိုးရအဖွဲ့မှာ ဘာရာထူးမှ မရှိတဲ့အတွက် သက်ဆင်ရဲ့ဆောင်ရွက်ချက်ကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာမူဝါဒနဲ့ပတ်သက်ပြီး ရှုပ်ထွေးသွားစေနိုင်ကြောင်း အောက်လွှတ်တော်ကော်မတီဥက္ကဋ္ဌ ရိုင်ဆီမန်း ရုမ်းက ပြောကြားခဲ့ပါတယ်။
ရိုင်ဆီမန်းရုမ်းရဲ့စကားကို တုံ့ပြန်တဲ့အနေနဲ့ “သက်ဆင်ဟာ ၎င်းနိုင်ငံအတွက် စိုးရိမ်ပူပန်တဲ့ နိုင်ငံသားတစ်ဦးအ နေနဲ့ အခုလို ဆောင်ရွက်ခဲ့တာသာဖြစ်ကြောင်း” ပေထောင်တန်က ပြောပါတယ်။
“ပြည်ပနိုင်ငံမှာ ၁၇ နှစ်ကြာ နေထိုင်ခဲ့ပြီးတာတောင်မှ အဖေဟာ ထိုင်းပြည်သူတွေအတွက် စိုးရိမ်ပူပန်နေဆဲဖြစ် ပြီး သူကူညီနိုင်တာမှန်သမျှ ဆောင်ရွက်ပေးချင်နေတာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
သက်ဆင်ဟာ လက်ရှိ ရာထူးလက်ကိုင်မရှိပေမဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်း ဆောင်နေစဉ်အတွင်း နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နှင်းခဲ့စဉ်က မြန်မာ့တပ်မတော်နဲ့ရော မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ပါ တည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခင်မင်ရင်းနှီးမှု တွေ ရှိနေဆဲဖြစ်ကြောင်း ပေထောင်တန်က ပြောပါတယ်။
Ref: Thaksin only wants peace at Thai-Myanmar border: Paetongtarn
#PeopleMedia