သက်ဆင် ပြစ်ဒဏ်ကျခံပြီး ၂၄ နာရီအတွင်း ထိုင်းဘုရင်မင်းမြတ်ရဲ့လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားနိုင် ကြောင်း ဝစ်ဆာနု ပြော

PUBLISHED - July 28, 2023
နိုင်ငံတကာ၊ ဇူလိုင် ၂၈
ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာအနေနဲ့ ထိုင်းနိုင်ငံကိုပြန်ရောက်ပြီး ထောင်ဒဏ်စတင်အပြစ်ပေးခံရ တာနဲ့ ထိုင်းဘုရင်မင်းမြတ်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံလျှောက်ထားနိုင်ကြောင်း အိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ် ဝစ်ဆာနုကရန်ဂမ်က ဇူလိုင်လ ၂၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာမတင်ခင် သက်ဆင်အနေနဲ့ ဘယ်နှရက်လောက်စောင့်ဆိုင်းရမလဲဆိုတဲ့ မေးခွန်းကိုတော့ “၂၄ နာရီအတွင်း လုပ်လို့ရပါတယ်။ ဒါပေမဲ့ သူ အဲဒီလိုအသနားခံလျှောက်ထားမှာလားဆိုတာ ကျွန်တော်မသိပါဘူး။ ဒီအတွက် သူ့အစားကျွန်တော်အဖြေမပေးနိုင်ပါဘူး။” လို့ ဝစ်ဆာနုက ပြောပါတယ်။
လုပ်ထုံးလုပ်နည်းအရတော့ ပြစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသားဟာ ထိုင်းဘုရင်မင်းမြတ်ထံကို စာနဲ့ရေးသားပြီး လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားတင်ပြနိုင်ကြောင်း အိမ်စောင့်အစိုးရရဲ့ တရားရေးဝန်ကြီးလည်းဖြစ်တဲ့ ဝစ် ဆာနုက ပြောပါတယ်။ “ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အသနားခံတာ မရခဲ့ရင် အဲဒီအကျဉ်းသားတွေစာ နောက်ထပ်အသနားခံ စာတင်ဖို့အတွက် နှစ်နှစ်ကျော်လောက်တော့ ထပ်စောင့်ရပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ထိုင်းဘုရင်မင်းမြတ်ထံက လွတ်ငြိမ်းချမ်းသာခွင့်ရအောင် လျှောက်ထားတာဟာ ဘယ်အကျဉ်းသားမဆို အဲဒီ လိုလျှောက်ထားနိုင်တဲ့အခွင့်အရေးရှိကြောင်း ဝစ်ဆာနုက ပြောပါတယ်။
ဖီယူထိုင်းပါတီရဲ့အကြီးအကဲအဖြစ် ယူဆထားကြတဲ့ သက်ဆင်ဟာ ၎င်းချမှတ်ခံထားရတဲ့ ပြစ်ဒဏ်တွေကို ခံယူ ဖို့အတွက် ထိုင်းနိုင်ငံကို မကြာခင်ပြန်လည်ရောက်ရှိလာတော့မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဖီယူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းသုံးဦးထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ သက်ဆင်သမီးပဲထောင်တန်ဟာ ၎င်း ဖခင် သြဂုတ်လ ၁၀ ရက်နေ့ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
အခုအချိန်မှာ အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ သက်ဆင်ဟာ ၂၀၀၈ ခုနှစ်ကတည်းက ပြည်ပနိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေတာဖြစ်ပါတယ်။
သက်ဆင်ရဲ့ဇနီးဖြစ်သူက နိုင်ငံတော်ပိုင်မြေကို ကာလပေါက်ဈေးထက် အလွန်နည်းပါးစွာ ဝယ်ယူခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆင်ကို ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာပဲ ထိုင်းတရားရုံးချုပ်က မျက်ကွယ်မှာထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၀၆ ခုနှစ် စက် တင်ဘာလအထိ အဂတိလိုက်စားမှုသုံးမျိုးနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားတာကိုလည်း ရင်ဆိုင် နေရသူဖြစ်ပေမဲ့ ပြစ်မှုတစ်ခုအတွက် ထောင်ဒဏ် ၁၀ နှစ်သတ်မှတ်ထားတဲ့ဥပဒေကန့်သတ်ချက်ဟာ ၂၀၁၈ ခု နှစ်မှာ သက်တမ်းကုန်ဆုံးသွားပြီလို့ ဆိုပါတယ်။
အသက် ၇၀ ကျော်နေပြီး ကျန်းမာရေးပြဿနာတွေရှိနေတဲ့အကျဉ်းသားတစ်ဦးအနေနဲ့ သက်ဆင်ဟာ ခံစားခွင့် တချို့ကို ရရှိနိုင်တဲ့အတွက် အကျဉ်းသားဆေးရုံလိုနေရာမျိုးမှာ အထူးနေထိုင်ခွင့်ရရှိနိုင်ကြောင်း ဝစ်ဆာနုက ပြောပါတယ်။
“ဒါပေမဲ့ သူဟာ နေအိမ်အကျယ်ချုပ်နဲ့တော့ နေထိုင်ခွင့်မရှိပါဘူး။ သူ့ပြစ်ဒဏ်ကို အကျဉ်းထောင်ထဲမှာပဲကျခံ ရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Thaksin can seek royal pardon within 24 hours of starting jail time: Wissanu
#PeopleMedia