• Follow Us on

Home သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၂

 

သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒေသလုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြီးခဲ့သည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း၊ အများစုကောက်ခံပြီးဖြစ်သော်လည်း ဆက်လက်၍ ကောက်ယူ ရန်ရှိသည့်နေရာများ ကျန်ရှိနေသေးကြောင်း၊ လူဦးရေနှင့်  အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို အမျိုးသားရေးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး နယ်မြေလုံခြုံရေးအရ ကောက်ယူရန် ကျန်ရှိသည့်နေရာများတွင်လည်း ဆက်လက်ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

ဝန်ကြီးဌာနများအလိုက် ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားစီမံကိန်းများမှ အဓိကအချက်များကို ဦးစားပေးအနေဖြင့် အကောင်အထည်ဖော်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ရည်မှန်းပြီး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် အခြားကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စနစ်တကျဖြင့် အောင်မြင်အောင် ကျင်းပနိုင်ရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပသို့ ပညာတော် သင်သွားရောက်သည့်ကိစ္စများနှင့်ပတ်သက်၍လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးရည်မှန်းချက်ကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် စီးပွားရေးစီမံကိန်းများအောင်မြင်အောင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ရည်မှန်းချက်တစ်ခုချင်းအလိုက် စနစ်တကျဖြင့် ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းတာဝန်များ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ရည်မှန်းချက်များကို တစ်ဆင့်ချင်း အောင်မြင်အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မိမိတို့ထမ်းဆောင်ရသည့် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများနှင့်ပတ်သက်၍လည်း စည်းကမ်း စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

 

#PeopleMedia


Share this post