သက်တမ်းရင့်ကောလင်းစ်အဆင့်ရေငုပ်သင်္ဘောတွေမှာ တိုမာဟော့ဒုံးကျည်တပ်မယ့်အစီအစဉ် သြစတေးလျ ပယ်ဖျက်
PUBLISHED - June 5, 2024
နိုင်ငံတကာ၊ ဇွန် ၅
လက်နက်နဲ့ တန်ဖိုးမမျှဘူးဆိုတဲ့ အကြံပြုချက်ကြောင့် သြစတေးလျနိုင်ငံရဲ့ သက်တမ်းရင့် Collins-class (ကောလင်းစ်အဆင့်) ရေငုပ်သင်္ဘောတွေမှာ တာဝေးပစ်တိုမာဟော့ခရုစ်ဒုံးကျည် တွေဆပ်ဆင်ဖို့ အစီအစဉ် ကို ဖျက်သိမ်းလိုက်ပါတယ်။
၂၀၃၀ ပြည့်နှစ် အစောပိုင်းကာလမှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ရောက်မလာခင်မှာ အခုလို Collins-class ရေငုပ်သင်္ဘောတွေမှာ တိုမာဟော့ဒုံးကျည်တွေ တပ်ဆင်ဖို့ ကနဦးက စီစဉ်ခဲ့တာဖြစ်ပါတယ်။
HMAS Farncomb ရေငုပ်သင်္ဘောတွေအပါအဝင် သက်တမ်းရင့် Collins-class ရေငုပ်သင်္ဘောတွေကို ၂၀၂၆ ခုနှစ်မှာ ပထမဦးဆုံးအကြိမ် ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းတွေဆောင်ရွက်ပြီး သက်တမ်းတိုးအသုံးပြုသွားမှာ ဖြစ်ကြောင်း သြစတေးလျအစိုးရက ဗုဒ္ဓဟူးနေ့ (ဇွန်လ ၅ ရက်နေ့) က ပြောပါတယ်။
တိုမာဟော့ဒုံးကျည်တွေဟာ သက်တမ်းရင့် Collins-class ရေငုပ်သင်္ဘောတွေမှာနဲ့ မလိုက်ဖက်သလို လက်နက် နဲ့ တန်ဖိုးမမျှဘူးဆိုတဲ့ အမေရိကန်အစိုးရရဲ့ အကြံပြုချက်ကို လိုက်နာတဲ့အနေနဲ့ သြစတေးလျအစိုးရက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
“အခုလိုသက်တမ်းတိုးစီမံချက်ကိုဆောင်ရွက်တာဟာ သြစတေးလျပြည်သူတွေရဲ့လုံခြုံရေးအတွက် အနာဂတ် ကာလခြိမ်းခြောက်မှုတွေကို ဟန့်တားကာကွယ်နိုင်ဖို့ သြစတေးလျတပ်ဖွဲ့တွေမှာ လိုအပ်တဲ့စွမ်းရည်ရှိဖို့အတွက် အစိုးရရဲ့ ခိုင်မြဲတဲ့ကတိကဝတ်ကို ထောက်ပြပေးတဲ့ သင့်တော်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။” လို့ ကာကွယ် ရေးပစ္စည်းထုတ်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ပက်ကွန်ရိုင်းက ပြောပါတယ်။
Collins-class ရေငုပ်သင်္ဘောတွေ ၆ စီးကို မူလက ၂၀၂၆ ခုနှစ်မှာ အနားပေးဖို့ စီစဉ်ပြီးသားဖြစ်ပေမဲ့ AUKUS သုံးနိုင်ငံစီမံချက်အရ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ၂၀၃၀ ပြည့်နှစ် အစောပိုင်းကာလမှ ရရှိ မှာဖြစ်တဲ့အတွက် အဲဒီရေငုပ်သင်္ဘော ၆ စီးကိုလည်း ဆက်လက်အသုံးပြရဦးမှာဖြစ်ပါတယ်။
AUKUS အစီအစဉ်အရ ရောက်ရှိလာမယ့် Virginia-class (ဗာဂျီးနီးယားအဆင့်) ရေငုပ်သင်္ဘောတွေမှာတော့ တိုမာဟော့ဒုံးကျည်တွေကို တပ်ဆင်သွားမှာဖြစ်ပါတယ်။
သြစတေးလျနိုင်ငံဟာ ၎င်းတို့ရေတပ်ရဲ့ Hobart class ဖျက်သင်္ဘောတွေအတွက် ကီလိုမီတာ ၁၅၀၀ အထိ ပစ် ခတ်နိုင်တဲ့ ဒုံးကျည် ၂၀၀ ကျော်ကိုလည်း အမေရိကန်နိုင်ငံက မှာယူထားပါတယ်။
Ref: Ageing submarines won’t have Tomahawk strike missiles
#PeopleMedia