သင်တန်းကျောင်းအသီးသီးရှိ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်နည်းလမ်းများရှာကြံ၍ အတတ်နိုင်ဆုံးပံ့ပိုးဆောင်ရွက်ပေးရန် လူကယ်ပြန်ပြည်ထောင်စုဝန်ကြီးမှာကြား

PUBLISHED - November 4, 2021
နေပြည်တော်၊ နိုဝင်ဘာ ၄ (People Media)
မိမိတို့ဝန်ကြီးဌာန၏ ပထမဦးစားပေးလုပ်ငန်းမှာ ကလေးများအတွက်ပင်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းအသီး သီးရှိ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများရှာကြံ၍ အတတ်နိုင်ဆုံး ပံ့ပိုး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထား ရှိသည့် လူငယ်နှင့် အမျိုးသမီးသင်တန်းကျောင်းများအတွက် သင်တန်းကျောင်းဆိုင်ရာလက်စွဲ (Standard Operating Procedure)(SOP) ရေးဆွဲထားရှိမှုအပေါ် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယမန်နေ့နံနက်က Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထား ရှိသော သင်တန်းကျောင်းများမှ ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်နေထိုင်ရေး ကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စေရေး အထူးဆောင်ရွက်ပေးခဲ့သည့် သင်တန်းကျောင်းအသီးသီးမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောသည်။
လတ်တလောကာလအတွင်း မိမိတို့ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းစဉ်များဖြစ်သည့် သင်တန်းကျောင်းများမှ ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးနှင့် လုပ်ငန်းဆောင်ရွက်ချက်များ တွင် စနစ်တကျလည်ပတ်နိုင်စေရေးအတွက် သင်တန်းကျောင်းဆိုင်ရာလက်စွဲရေးဆွဲထားရှိခြင်းအပေါ် ပြန် လည်သုံးသပ်ခြင်းများကို ဆောင်ရွက်နိုင်သည့်အတွက် အင်မတန်မှ အကျိုးရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။
လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်နှင့် သင်တန်းကျောင်း များရှိ ကလေးသူငယ်များအတွက် ဘဝရပ်တည်ရေးလုပ်ငန်းစီမံချက်တို့ကို ရေးဆွဲထားရှိပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့သည်။
#PeopleMedia #လူကယ်ပြန်
(unicode)
…………………………………………………………