• Follow Us on

Home သင်္ဃန်းကျွန်းနှင့် သန်လျင်တို့တွင် ကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သင်္ဃန်းကျွန်းနှင့် သန်လျင်တို့တွင် ကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇွန် ၁၅

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဇွန်လ ၁၁ ရက်နေ့ ၁၅၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့် အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင် အောင်သိန်းဝင်း(ခ)ကိုအောင် မောင်းနှင်ပြီး အောင်ပြည့်(ခ)အောင်လေး နှင့် တင်ဝင်းအောင် တို့လိုက်ပါလာသည့် TOYOTA HILUX SURF အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ၁၉၀၀ အချိန် အောင်သိန်းဝင်း(ခ)ကိုအောင် ငှားရမ်းနေထိုင်သည့် သန်လျင် မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀၀)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်သိန်းဝင်း(ခ)ကိုအောင် (၅၄)နှစ်၊ အောင်ပြည့်(ခ)အောင်လေး(၃၄)နှစ် နှင့် တင်ဝင်းအောင်(၃၇)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post