• Follow Us on

Home သတ်မှတ်ဈေးနှုန်းဖြင့်မရောင်းချဘဲ ဝိသမလောဘနှင့် အမြတ်တင်ရောင်းချမှုများ၊ သိုလှောင်မှုများကို ဖော်ထုတ်အရေးယူလျက်ရှိကြောင်း စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးပြောကြား

သတ်မှတ်ဈေးနှုန်းဖြင့်မရောင်းချဘဲ ဝိသမလောဘနှင့် အမြတ်တင်ရောင်းချမှုများ၊ သိုလှောင်မှုများကို ဖော်ထုတ်အရေးယူလျက်ရှိကြောင်း စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂

 

သတ်မှတ်ဈေးနှုန်းဖြင့် မရောင်းချဘဲ ဝိသမလောဘနှင့် အမြတ်တင်ရောင်းချမှုများ၊ သိုလှောင်မှုများကို ဖော်ထုတ်အရေးယူလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။

 

စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ကမ်းနားလမ်းရှိ ကုန်သွယ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ပြည်ပမှတင်သွင်းသည့် စားအုန်းဆီဆိပ်ကမ်းအရောက် တန်ဖိုး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းတို့အပေါ်အခြေခံကာ ပြည်တွင်းကုန်ကျစရိတ်များကိုတွက်ချက်၍ တစ်ပိဿာ လက်ကား ရည်ညွှန်းဈေးနှုန်းကို နိုင်ငံပိုင်သတင်းစာများ၌ အပတ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း၊ ဈေးကွက် အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ  အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း အသိပေးထုတ်ပြန်ထားရှိကြောင်း၊ ထုတ်ပြန်ကြေညာထားရှိသည့် ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ၊ အလုပ်သမားခများ ထပ်ပေါင်းပြီး လက်ကား၊ လက်လီ အဆင့်တစ်ဆင့်စီတိုင်း၌ အမြတ်နှစ်ရာခိုင်နှုန်းထက်မပိုဘဲ ဖြန့်ဖြူးရောင်းချရန် ညွှန်ကြားထား ရှိကြောင်း ပြောသည်။

 

သတ်မှတ်ဈေးနှုန်းဖြင့် မရောင်းချဘဲ ဝိသမလောဘနှင့် အမြတ်တင်ရောင်းချမှုများ၊ သိုလှောင်မှုများကို ဖော်ထုတ်အရေးယူလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တင်သွင်းမှုအပေါ်အခြေခံပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်လအလိုက် ဖြန့်ဖြူးရမည့်ပမာဏကို လျာထားသတ်မှတ်ပေးပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့၊ စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေး အဖွဲ့များက သတ်မှတ်နေရာသို့ သတ်မှတ်အရေအတွက်အတိုင်း သတ်မှတ်ဈေးနှုန်းဖြင့် စားသုံးသူလက်ဝယ်သို့ မဖြစ်မနေရောက်ရှိစေရေး၊ စနစ်တကျ ဖြန့်ဖြူးရောင်းချစေရေးနှင့် စားအုန်းဆီတင်သွင်းသည့် လုပ်ငန်းရှင်များ၊ လက်ကား၊ လက်လီများ၏ ဖြန့်ဖြူးရောင်းချမှုများကို ကြီးကြပ်ထိန်းကျောင်းပေးရေးတို့ကို ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။

 

#PeopleMedia


Share this post