သထုံမြို့နယ်တွင် ရထားသံလမ်းတံတားအား KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီး
PUBLISHED - May 21, 2024
နေပြည်တော်၊ မေ ၂၁
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာနှင့် ကျွန်းချောင်းကျေးရွာကြားရှိ ရထားသံလမ်းတံတားအား KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။
မေလ (၂၁)ရက် နံနက် (၁၂)နာရီ (၂၀)မိနစ် အချိန်ခန့်က ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရထားလမ်း တံတားအား KNU/PDF အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ KNU/PDF အဖွဲ့ဝင်များ မိုင်းခွဲခဲ့ သည့် မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာနှင့် ကျွန်းချောင်းရွာကြား မြောက်ဘက် (၁၂)မိုင်ခန့် အကွာ နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ရာ မော်လမြိုင် – ရန်ကုန်သွား ရထားလမ်း မိုင်တိုင် အမှတ် (၁၂၄/၉)နှင့် (၁၂၄/၁၀)အကြား၊ အရှည်(၆၀)ပေ အကျယ်(၃)ပေရှိ တံတားအမှတ်(၇၈) မှာ မိုင်းခွဲ ဖျက်ဆီးခံထားရသည်ကို တွေ့ရှိခဲ့သည်။
ယင်း KNU/PDF အဖွဲ့ဝင်များ၏ မိုင်းထောင် ဖောက်ခွဲခဲ့မှုကြောင့် တံတားရှိ မီးရထားသံလမ်း ဘယ်/ညာ (၁) ပေခွဲခန့် စီ (၂)နေရာတွင် ထပ်ပိုင်းပြတ်ထွက်ခဲ့ပြီး သံလမ်းပျက်စီးသွားခဲ့ကြောင်း သိရသည်။
၎င်းအပြင် မိုင်းခွဲခံထားရသည့် နေရာနှင့် မီတာ (၅၀၀)ခန့် အကွာတွင် လက်လုပ်မိုင်း နှစ်လုံး ထပ်မံ တွေ့ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
#PeopleMedia