• Follow Us on

Home သထုံမြို့နယ်သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြားတွင် မိုင်းကွဲခြင်းကြောင့် ရထားလမ်းချော်ခဲ့ပြီး၊ အုတ်တွင်းမြို့နယ် တောင်ငူနှင့် သောင်းတိုင်ကုန်းအကြား မိုင်းပေါက်ကွဲဖြစ်ပွား

သထုံမြို့နယ်သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြားတွင် မိုင်းကွဲခြင်းကြောင့် ရထားလမ်းချော်ခဲ့ပြီး၊ အုတ်တွင်းမြို့နယ် တောင်ငူနှင့် သောင်းတိုင်ကုန်းအကြား မိုင်းပေါက်ကွဲဖြစ်ပွား

Share this post

နေပြည်တော်၊ ဧပြီ ၁၁

 

မွန်ပြည်နယ် သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲခြင်း ကြောင့် ရထားလမ်းချော်ကျမှုဖြစ်ခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ် တောင်ငူနှင့် သောင်းတိုင်ကုန်းအကြား မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူးကုန်းမှ ကလိ ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ်(၆၈၆) အစုန်ကျောက်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာမှ နံနက် ၆ နာရီ ၅၇ မိနစ်တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၅/၉-၁၀ အရောက် ရထားခုတ် မောင်းဖြတ်သန်းစဉ် နံနက် ၇ နာရီ ၅ မိနစ်အချိန်၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်းရှေ့ မိုင်းကာတွဲ၊ စက်ခေါင်း နောက်ကပ်လျက် စက်ခေါင်းမောင်း နားနေတွဲနှင့် ကျောက်တွဲ(၂)တွဲတို့ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ်(၈၁) အဆန် လူစီးရထားသည် နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ကျိုက်ထိုဘူတာ၌ ခေတ္တရပ်နားခဲ့ရသည်။

 

မြန်မာ့မီးရထားက အဆိုပါ ရထားဖြင့် လိုက်ပါလာသော ခရီးသည် (၇၄၁)ဦးအား မော်တော်ယာဉ်(၈)စီးဖြင့် နေ့လည် ၁ နာရီ ၁၀ မိနစ်မှစတင်၍ သထုံဘူတာသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့အပြင် မော်လမြိုင်မှ ထွက်ခွာ လာသည့် အမှတ်(၈၂) အစုန်ရထားသည် ယနေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် သထုံဘူတာသို့ ရောက်ရှိခဲ့ရာ ကျိုက်ထိုမှ မော်တော်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များအား တင်ဆောင်၍ မော်လမြိုင် ဘက်သို့ အမှတ်(၈၁)အဆန်ရထားအဖြစ် ပြန်လည်ထွက်ခွာ ပို့ဆောင်ပေးခဲ့သည်။ သထုံဘူတာတွင် ရောက်ရှိနေသည့် အမှတ်(၈၂)အစုန်ရထားဖြင့်လိုက်ပါလာသည့် ခရီးသည်(၂၉၈)ဦးအား ကျိုက်ထိုမှ ရောက်ရှိလာသည့် မော်တော်ယာဉ်များဖြင့် ကျိုက်ထိုဘူတာသို့ ပို့ဆောင်ပေးပြီး ရန်ကုန်သို့ အမှတ်(၈၂)အစုန် ရထားအဖြစ် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အလားတူ ယမန်နေ့ နံနက် ၆ နာရီ ၄၀ မိနစ် အချိန်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တောင်ငူဘူတာနှင့် သောင်းတိုင်ကုန်းဘူတာအကြား စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေသော ရထားပြေးဆွဲမှုမရှိသည့် အစုန်လမ်းပေါ်၌ မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး၊ ဖြစ်ပွားရာ နေရာသို့ နယ်မြေခံလုံခြုံရေးအဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်ခဲ့ပြီး ရှင်းလင်းမှု ဆောင်ရွက်ရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၃)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post