သထုံမြို့ရှိ စာသင်ကျောင်းဝန်းအတွင်း ရှေးဟောင်းအုတ်ခွက်ဘုရား (၁၈) ဆူ တွေ့ရှိ
PUBLISHED - August 31, 2023
နေပြည်တော်၊ သြဂုတ် ၃၁
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အ-ထ-က (၄) ကျောင်းဝန်း အတွင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် မြေတူးရာမှ ရှေးဟောင်းအုတ်ခွက်ဘုရား (၁၈) ဆူ တွေ့ရှိခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၃၀ နံနက် ၉ နာရီအချိန်တွင် ကျောင်းဆောင်အသစ်ဆောက်လုပ်ရန်အတွက် မြေများတူးဖော် ရာတွင် မုဒြာပုံစံအမျိုးမျိုးဖြင့် အုတ်ခွက်ဘုရားများမှာ အကောင်း ၊ အကျိုးအပဲ့ စုစုပေါင်း (၁၈) ဆူတို့ကို တူးဖော်ရရှိကြောင်း၊ လက်ရှိအချိန်တွင်လည်း မြေများဆက်လက်တူးဖော်လျက်ရှိကြောင်း သိရသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက အုတ်ခွက်ဘုရားများကို (၅) ကြိမ်တူးဖော်ရရှိသည်များမှာ အ-ထ-က(၂) ကျောင်းဝင်းအတွင်း၌ အုတ်ခွက်ဘုရား ပေါင်း (၁၀ဝဝ) ကျော်၊ ငှက်တွင်းကျောင်းတိုက်ဝင်းအတွင်း၌ အဆူရေ (၁၀၀၀) ကျော်၊ မြန်မာနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ အဆူရေ (၂၄၀) ကျော်၊ အ-ထ-က(၂) ကျောင်းဝင်းအတွင်း၌ အဆူရေ (၂၁၀) ကျော်နှင့် ယခုလက်ရှိအချိန်တွင် အ-ထ-က (၄) ကျောင်းဝန်းတွင် အဆူရေ (၁၈) ဆူတို့ကို တူးဖော်ရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia