သထုံမြို့နယ်၊ ကျိုက္ကော်ရွာအနီး၌ လုံခြုံရေးအဖွဲ့နှင့် သေနတ်သမားနှစ်ဦးတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ သေနတ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး အရှင်ဖမ်းဆီးခံရ

PUBLISHED - January 20, 2022
မော်လမြိုင်၊ ဇန်နဝါရီ ၂၀ (People Media)
ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့၊ ကျိုတ်က္ကော်ကျေးရွာ(သုဝဏ္ဏဝတီမြို့)၊ ပဲခူးစု၌ လုံခြုံရေးအဖွဲ့နှင့် သေနတ်သမားနှစ်ဦးတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ သေနတ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး အရှင် ဖမ်းဆီးခံခဲ့ရသည်။
ဖြစ်စဉ်မှာ သုဝဏ္ဏဝတီမြို့၊ ပဲခူးစုအနီး၌ လုံခြုံရေးအဖွဲ့၏ ယာဉ်ကို သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်၌ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး သေနတ်သမားနှစ်ဦးအနက် တစ်ဦးသည် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။
“အပြန်အလှန် ပစ်ကြခတ်ကြတယ်။ သေနတ်သမားနှစ်ဦးမှာ တစ်ဦးက သေသွားတယ်။ တစ်ဦးက ဖမ်းဆီးခံ လိုက်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ဇန်နဝါရီ ၁၈ ရက်နေ့၌ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်သုတ်စေတီအနီး၊ ရသေ့တောင်၌ ဒေသခံ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင်နှစ်ဦး လက် နက်များနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရသည်။
#PeopleMedia #သထုံမြို့
(unicode)
…………………………………………………………….