• Follow Us on
Latest News

Home သန်လျင်တံတား အမှတ်(၃) ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမား ၉ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူမည်

သန်လျင်တံတား အမှတ်(၃) ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမား ၉ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူမည်

Share this post

နေပြည်တော်၊ ဇွန် ၁၁

 

သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမား ၉ ဦးအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန် ကြေညာထားသည်။

 

NUG လက်အောက်ခံ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင်များသည် ဇွန်လ ၈ ရက်တွင် သန်လျင်တံတား အမှတ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိ ကြောင်း အကြမ်းဖက်မှုကို မလိုလားသည့်ပြည်သူများ၏ သတင်းပေးပို့ချက် အရ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး နေ့/ညမပြတ် ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော စိန်ကြီး(ခ)အောင်ထွေး(၂၆)နှစ်၊ ချိုကြီး(ခ) ဟိန်းထက်အောင် (၁၈)နှစ်၊ မင်းသူ(၃၀)နှစ်၊ မောင်ဟိန်း(၂၄)နှစ်၊ အောင်သူရထွန်း (၂၅)နှစ်၊ ပြည့်ဖြိုးဇော်(၁၈)နှစ်နှင့် ထက်အာ ကာလင်း(၂၆)နှစ်တို့ ၇ ဦးအား ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ ဖြူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ  ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက် နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင် သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ် (၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင်(ခ)ကိုဇာ(၃၂)နှစ်အား  ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့် လည်း ကောင်း အသီးသီးထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး ပေါင်း ၉ ဦး တို့နှင့်အတူ ၁၀၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေနှင့် အခြားဆက်စပ်ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ) ဟိန်းထက်အောင်၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင်(ခ) ကိုဇာနှင့် ချစ်ကေခိုင် တို့ ၇ ဦးသည် ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သန်လျင် တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မြနန္ဒာအိမ်ရာအနီးတစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေ တို့အား ၅ ကြိမ် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထို့နောက် ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်မည့်နေရာအား ဆိပ်ကမ်းသာလမ်း အောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်း ဝယ်ရေးလုပ်ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ် သတ်မှတ်ခဲ့ပြီး ဇွန်လ ၈ ရက် တံတားဖွင့်ပွဲအခမ်းအနားကျင်းပမည့်အချိန်တွင် ပစ်ခတ် ဖောက်ခွဲရန် စီစဉ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။

 

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက် ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ကြောင်း နစကမှ သတင်းထုတ်ပြန် ထားသည်။

 

#PeopleMedia


Share this post