သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်း (၇) ကျောင်း အသစ်ပြန်လည်ဆောက်ရန် အတွက် သိန်းပေါင်း (၁၇၀၀၀) ကျော် ကမ္ဘောဇဘဏ်လှူဒါန်း
PUBLISHED - November 4, 2024
နေပြည်တော်၊ နိုဝင်ဘာ ၄
သဘာဝဘေးဒဏ်ကြောင့် နိုင်ငံတဝှမ်းတွင် ပျက်စီးသွားသည့် စာသင်ကျောင်း (၇) ကျောင်းအသစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ငွေကျပ် သိန်း (၁၇၀၀၀) ကျော် လှူဒါန်းထားကြောင်း ကမ္ဘောဇဘဏ်မှ သိရသည်။
နိုဝင်ဘာ (၃) ရက်နေ့တွင် ကမ္ဘောဇဘဏ်သည် အင်းလေးဒေသ အနောက်ဖက်ခြမ်း ရွာသာအေးဘုန်းတော်ကြီး ကျောင်းတွင် သဘာဝဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အသုံးအဆောင်များနှင့် အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကလောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ညောင်ကုန်း(ပလောင်) အတွက် ငွေကျပ် (၃၆၀၀) သိန်း၊ လွယ်လင်မြို့နယ် မှ အင်ခစ် မူလတန်းလွန်ကျောင်းအတွက် ငွေကျပ် (၁၄၄၀) သိန်း၊ ရှမ်းပြည်နယ်အတွင်း မူလတန်းကျောင်း (၄) ကျောင်း အသစ်ပြန်လည် တည်ဆောက်ရန်အတွက် ငွေကျပ်သိန်း (၁၀၀၀၀) အပါအဝင် စုစုပေါင်း ငွေကျပ် (၁၅၀၄၀) သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အလားတူ ကမ္ဘောဇဘဏ်သည် အောက်တိုဘာ (၁၂) ရက်နေ့ကလည်း ရေဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သော အင်းလေးဒေသ မင်းရွာ မူလတန်းကျောင်းပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ် သိန်း(၂၀၀၀) ကို လှူဒါန်းခဲ့သဖြင့် ကမ္ဘောဇဘဏ်သည် ၂၀၂၄ ခုနှစ် ရေဘေးဒဏ်သင့်စာသင်ကျောင်းများ အသစ်ပြန်လည် ဆောက်လုပ်ရန် စုစုပေါင်း (၁၇၀၄၀) သိန်းအထိ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် အင်းလေးဒေသအနောက်ခြမ်းရှိ ပေါင်းပိုင်းတောင်ပေါ်ကျောင်းတွင် ကမ္ဘောဇဘဏ်ပိုင် Dando စက်ကြီးဖြင့် စက်ရေတွင်းတူးဖေါ်နေခြင်းကိုလည်းကောင်း၊ အင်းလေးဒေသ အနောက်ခြမ်း တောင်ဘို့ကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တစ်နာရီရေလီတာ (၁၀၀၀) ကျ သောက်ရေသန့်စက်ကိုလည်းကောင်း လှူဒါန်းခဲ့ကြပြီး စက်ရေတွင်းတူးဖေါ်မည့်နေရာကို ပန္နက်ရိုက် ကာ ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့သည်။
ကမ္ဘောဇဘဏ်၏ နိုဝင်ဘာ (၃) ရက်နေ့ ယနေ့ ခရီးစဉ်တွင် ပညာရေးအထောက်အပံ့ကဏ္ဍ အတွက် ကျောင်း အသစ်များဆောက်လုပ်ခြင်း၊စားနပ်ရိက္ခာများထောက်ပံ့ခြင်း၊ရေတွင်း /ရေကန် /ရေသန့်စက် များလှူဒါန်းခြင်း ဆေးဝါးလှူဒါန်းခြင်းနှင့် ဆေးကုသခြင်းတို့အတွက် စုစုပေါင်းတန်ဖိုးကျပ်သိန်းပေါင်း (၁၉,၄၀၀) ကျပ်သိန်း တစ်သောင်းကိုးထောင်လေးရာသိန်းတိတိကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံတဝှမ်း ရေဘေးသင့်ပြည်သူများအတွက် ရေဘေးစတင်ဖြစ်ပွားသည့် စက် တင်ဘာလ (၁၁) ရက်နေ့မှစတင်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ အောင်ပန်း ၊ ကလော ၊ ရွှေညောင်၊ ညောင်ရွှေ ၊ အင်းလေး ၊ လွိုင်လင်၊ မိုင်းပွန်၊ ပုန်းအင်း၊ ဆီဆိုင်၊ ခေါင်းနွဲ၊ စဉ့်ကိုင်၊ ကျောက်ဆည် ၊ ကူမဲ ၊ မြစ်သား ၊ ဝမ်းတွင်း၊ ပျဉ်းမနား ၊ သာစည်၊ တပ်ကုန်း ၊ ရမည်းသင်း ၊ ရေတာရှည်၊ ဖြူး၊ ရပ်စောက်၊ ပျော်ဘွယ်၊ လယ်ဝေး ၊ မိုင်းဆတ်၊ တောင်ငူ၊ တာချီလိတ်၊ ဓနုဖြူ အစရှိသည့် ရေဘေးဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည့် နေရာဒေသအသီးသီးသို့ တစ်ချိန်တည်း တစ်ပြိုင်တည်းသွားရောက်၍ လှူဒါန်းမှုများနေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia