• Follow Us on
Latest News

Home သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်း နစကဥက္ကဋ္ဌပြောကြား

သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

 

သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့က ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေးစကား ပြောကြားခဲ့သည်။

 

“အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ကူညီပေးပါမယ်၊ သေဆုံးမှု အတွက်လည်း လူမှုဝန်ထမ်းဝန်ကြီးဌာနကနေပြီးတော့ လျော်ကြေးတွေပေးတယ်၊ နောက်ဒဏ်ရာရတဲ့သူတွေ ကိုလည်း၊ နောက်တစ်ခါဆေးကုသမှုအတွက် ထောက်ပံ့ကြေးတွေပေးသလို၊ ပျက်စီးသွားတဲ့ အဆောက်အဦ တွေအတွက်လည်း အခုကျွန်တော်တို့ တွက်နေပါတယ်၊၊” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ သဘာဝဘေးအန္တရာယ် ဆိုသည်မှာ ရှောင်ရှား၍မရသော်လည်း ကြိုတင်ကာကွယ်မှုကိစ္စရပ်များကို လုပ်ဆောင်နိုင်သကဲ့သို့ သဘာဝ ဘေးအန္တရာယ်ကျရောက်ပြီးပါက ကယ်ဆယ်ရေးလုပ်ငန်းများဖြင့် မူလအခြေအနေများပြန်ရောက်စေရန်နှင့် ပိုမိုကောင်းမွန်စေရန် မိမိတို့အားလုံး၏ လုံ့လ၊ ဝီရိယများဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ကျနေ၍မရဘဲ မူလအခြေအနေပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

 

“လက်ရှိအချိန်အခြေအနေမှာတော့ ဒုက္ခသုက္ခ ရောက်နေတာကိုတော့ ကိုယ်ချင်းစာပါတယ်၊ စိတ်လည်း မကောင်းပါဘူး၊ ကျွန်တော်တို့ တတ်နိုင်သလောက် နိုင်ငံတော်ပိုင်းကလည်းလုပ်ပေးပါမယ်၊ ကျွန်တော်တို့နိုင်ငံ တင်မဟုတ်ပါဘူး၊ ကျွန်တော်တို့ အာရှတင်ပဲလားဆိုတော့မဟုတ်ဘူး၊ ဟိုဥရောပနိုင်ငံတွေလည်းရေကြီးနေကြ တာပဲ၊ သဘာဝကြီးကဖြစ်လာတာဖြစ်ပါတယ်၊ သဘာဝဘေးအန္တရာယ် တစ်ကမ္ဘာလုံးမှာဖြစ်နေကြတာဖြစ်တော့ ဒီအပေါ်မှာ ကျွန်တော်တို့က ကြံ့ကြံ့ခဲ့ပြီးတော့မှ လူထုရဲ့ကြံစည်မှုနဲ့၊ လုံ့လ၊ ဝီရိယနဲ့ အားထုတ်သွားမယ်ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ကျော်လွှားလို့ရမယ်ဆိုတာလေး ပြောချင်ပါတယ်၊ ဒီမှာ အားမွေးသွားကြပါ၊ ပြန် ရောက်လို့ရှိရင်လည်း ထိုက်သင့်တဲ့ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ ကျွန်တော်တို့ ထောက်ပံ့ပေးပါမယ်၊ ကျွန်တော် ပြီးပြီးရော မလွှတ်ပါဘူး၊ အကုန်လုံးစီစဉ်ပေးပါမယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပျက်ဆီးဆုံးရှုံးခဲ့သည့် ရပ်ကွက်၊ ကျေးရွာများသို့သွားရောက်နိုင်ရေး လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်စေရန်အတွက် တာဝန်ရှိသူများကဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အချိန်ကာလအားဖြင့် အများဆုံး ၆ လတာကာလအတွင်း မူလအခြေအနေ ပြန်လည်ရောက်ရှိအောင်ဆောင် ရွက်နိုင်ရန် ပြောကြားထားပြီးဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post