သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်အတွက် ပြည်ပ ရောက်မြန်မာများ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများကလှူဒါန်းသည့် အလှူငွေ သိန်း ၉၀၀ ကျော်အား လွှဲ ပြောင်းပေးအပ်
PUBLISHED - August 23, 2023
နေပြည်တော်၊ ဩဂုတ် ၂၃
ဆိုင်ကလုန်း မိုခါ သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက လှူဒါန်း သည့် အလှူငွေသိန်း ၉၀၀ ကျော်အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ဆိုင်ကလုန်း မိုခါ သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး များမှ ဝန်ထမ်းများ၊ မြန်မာသံရုံးများမှတစ်ဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက လှူဒါန်းသည့် နိုင်ငံခြားငွေ (၅) မျိုး၊ မြန်မာကျပ် အပါအဝင် စုစုပေါင်းကျပ် ၈၄,၁၁၄,၀၀၀/- နှင့် တိုကျိုမြို့၊ မြန်မာသံရုံးမှတစ်ဆင့် တိုကျိုမြို့ အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီးက လှူဒါန်းသည့် ဂျပန်ယန်း ၆၂၁,၀၀၀/- နှင့် ညီမျှသည့် မြန်မာကျပ် ၉,၃၁၅,၀၀၀/- စုစုပေါင်း မြန်မာကျပ် ၉၃,၄၂၉,၀၀၀/-(ကျပ် ကိုးရာသုံးဆယ့်လေးသိန်း နှစ်သောင်းကိုးထောင် တိတိ) အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် မှ ဩဂုတ်လ ၂၂ ရက်နေ့၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
#PeopleMedia