သမ္မတပူတင် မက္ကဆီကိုရောက်လာရင် ဖမ်းဆီးဖို့ ယူကရိန်းရဲ့တောင်းဆိုချက် မက္ကဆီကို ပယ်ချ
PUBLISHED - August 9, 2024
နိုင်ငံတကာ၊ သြဂုတ် ၉
နိုင်ငံတကာဖမ်းဝရမ်းကို ဖီဆန်ပြီး အောက်တိုဘာလမှာကျင်းပမယ့် မက္ကဆီကို သမ္မတသစ်ကျမ်းသစ္စာ ကျိန်ဆို ပွဲကို ရုရှားသမ္မတဗလာဒီမာပူတင် တက်ရောက်ခဲ့မယ်ဆိုရင် ဖမ်းဆီးပေးဖို့ ယူကရိန်းနိုင်ငံရဲ့မေတ္တာရပ်ခံချက်ကို မက္ကဆီကို သမ္မတက ကြာသပတေးနေ့ (သြဂုတ်လ ၈ ရက်နေ့) က ပယ်ချလိုက်ပါတယ်။
“ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ အလုပ်လည်း မဟုတ်ပါဘူး။” အစိုးရပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတအန်ဒရီးမန်နျူရယ်လိုပက်ဇ်အော်ဘရာဒိုက သတင်းထောက်တွေကို ပြောပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့မှာ ကျင်းပမယ့် သမ္မတသစ် ကလောက်ဒီယာရှိန်းဘုမ်းရဲ့ ကျန်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတပူတင်တက်ရောက်ခဲ့ရင် ဖမ်းဆီးပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ မက္ကဆီကိုမှာရှိတဲ့ ယူကရိန်းသံရုံးက သြဂုတ်လ ၇ ရက် ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂ နိုင်ငံတကာရာဇဝတ် တရားရုံး (ICC) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားပါတယ်။
မက္ကဆီကိုနိုင်ငံဟာ နိုင်ငံအားလုံးနဲ့ သံတမန်ဆက်ဆံရေး ထိန်းသိမ်းထားတာကိ ပြသတဲ့အနေနဲ့ အခုသီတင်း ပတ်အစောပိုင်းက ကလောက်ဒီယာရှိန်းဘုမ်းရဲ့အဖွဲ့ဟာ သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို သမ္မတပူတင် တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
“ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ဖမ်းဝရမ်းအထုတ်ခံထားတရတဲ့ စစ်ရာဇဝတ်ကောင်တစ်ဦးဆိုတာကို မက္ကဆီ ကိုနိုင်ငံက သဘောပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပူတင်ဟာ ယူကရိန်းကလေးငယ်တွေ ကို ဖမ်းဆီးပြီး ရုရှားကို ခေါ်ဆောင်သွားဖို့ အမိန့်ပေးခဲ့တယ်လု့ိ သံသယရှိနေပါတယ်။” လို့ ယူကရိန်းသံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မက္ကဆီကို အစိုးရဟာ ဥပဒေအတိုင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ယူကရိန်းသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် သမ္မတဗလာဒီမာပူတင် ဟာ ယူကရိန်းက ကလေးငယ်ရာနဲ့ချီပြီး ရုရှားဘက်ကို ခေါ်ဆောင်သွားမှုအတွက် စစ်ရာဇဝတ်မှုမြောက် ကြောင်း စွပ်စွဲပြီး နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
ရုရှားဟာ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမဟုတ်ပေမဲ့ မက္ကဆီကိုကတော့ ICC အဖွဲ့ ဝင်နိုင်ငံဖြစ်ပါတယ်။
ရွေးကောက်ပွဲနိုင်လာတဲ့ ကလောက်ဒီယာရှိန်းဘုမ်းကို သမ္မတပူုတင်က ဂုဏ်ယူကြောင်း ဇွန်လအတွင်းက ပြော ကြားခဲ့ပြီး တပြိုင်တည်းမှာပဲ “မက္ကဆီကိုနိုင်ငံဟာ လက်တင်အမေရိကဒေသမှာ သမိုင်းကြောင်းတစ်လျှောက် ရုရှားနဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။
Ref: Mexico Rejects Ukraine’s Request to Arrest Russia’s Putin during Visit: Reuters
#PeopleMedia