သမ္မတရွေးကောက်ပွဲအနိုင်ရကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝို ပြော
PUBLISHED - February 15, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅
သမ္မတရွေးကောက်ပွဲ မဲရလဒ်တွေ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်နေ့) က အလွတ်သဘော ကြေညာချက် တွေထွက်ပေါ်လာပြီးနောက် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တိုက ရွေးကောက်ပွဲ မှာ အနိုင်ရရှိကြောင်း ကြေညာလိုက်ပါတယ်။
လွတ်လပ်တဲ့ အဖွဲ့လေးဖွဲ့ရဲ့ အလွတ်သဘောရေတွက်ချက်အရ အထူးတပ်ဖွဲ့အကြီးအကဲဟောင်းလည်းဖြစ်တဲ့ ပရာဘိုဝိုဆူဘီယန်တိုဟာ မဲအရေအတွက် ၅၈% ရရှိခဲ့ပြီး အဲဒီအရေအတွက်ဟာ ၎င်းရဲ့ပြိုင်ဘက် ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း အန်နီးစ်ဘက်စ်ဝီဒန်ထက် နှစ်ဆကျော် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။
“ဒီအောင်ပွဲဟာ အင်ဒိုနီးရှားပြည်သူအားလုံးရဲ့ အောင်ပွဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ အကောင်းဆုံးသား သမီးတွေနဲ့ အစိုးရအဖွဲ့ကို ကျွန်တော်တို့ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။” လို့ ပရာဘိုဝိုက ပြောပါတယ်။
ဂျာကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးစ်နဲ့ ဗဟိုဂျာဗားကျွန်း အုပ်ချုပ်ရေးမှူးဟောင်းဂန်ဂျာပရာနိုဝိုတို့ဟာ ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တိုကို ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
ပရာဘိုဝိုဆူဘီယန်တိုဟာ အင်ဒိုနီးရှားနိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အာဏာရှင်အဖြစ်အုပ်ချုပ်ခဲ့တဲ့ ဆူဟာတိုရဲ့ ထိပ်တန်းလက်ရုံးတစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ကြောက်ရွံ့ခဲ့ရသူတစ်ဦး လည်းဖြစ်ပါတယ်။
ပရာဘိုဝိုဟာ လက်ရှိသမ္မတဂျိုကိုဝီဒိုဒိုထက် လူထုထောက်ခံမှု ပိုမိုရရှိထားသူဖြစ်ပြီး အန်နီးစ်နဲ့ ဂန်ဂျာတို့က တော့ ၂၅% နဲ့ ၁၇% သာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အပြီးသတ်အနိုင်ရရှိဖို့အတွက် ဦးဆောင်နေတဲ့ သမ္မတလောင်းယှဉ်ပြိုင်သူဟာ ထောက်ခံမဲ ၅၀% ကျော်လွန် ရရှိရမှာဖြစ်ပြီး နိုင်ငံရှိ ပြည်နယ်တွေရဲ့ တစ်ဝက်က ထောက်ခံမဲ ၂၀% ထက်မနည်း ရရှိရမှာဖြစ်ပါတယ်။
မတ်လ ၂၀ ရက်နေ့ဝန်းကျင်မှာ ကြေညာမယ်လို့ မျှော်လင့်ထားတဲ့ တရားဝင်ရွေးကောက်ပွဲရလဒ်ကို ၎င်းအနေနဲ့ အသိအမှတ်ပြု လေးစားသွားမှာဖြစ်ပြီး ပြောင်းလဲမှုတွေဆက်လက်ဆောင်ရွက်ဖို့ သံန္နိဋ္ဌာန်ချထားကြောင်း အန်နီးစ်က ပြောပါတယ်။
“မဲအားလုံး ရေတွက်ပြီးသွားတဲ့အထိ ကျွန်တော်တို့ စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူတွေအဖြစ် ကျွန်တော်တို့ရဲ့ ကတိကဝတ်ပဲဖြစ်ပါတယ်။” လို့ ၎င်းက ထောက်ခံသူတွေကို ပြော ပါတယ်။
Ref: Indonesia’s Prabowo Claims Victory after Presidential Election Rout
#PeopleMedia