သမ္မတလောင်းရွေးကောက်ပွဲဝင်မပြိုင်တော့ကြောင်း ဂျိုးဘိုင်ဒန် ကြေညာလိုက်ပြီး ကမ်မလာဟဲရစ်ကို ရွေးချယ်ကြဖို့ ပါတီဝင်တွေကိုတိုက်တွန်း

PUBLISHED - July 22, 2024
နိုင်ငံတကာ၊ ဇူလိုင် ၂၂
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ပါတီနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာကျင်းပ မယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း တနင်္ဂနွေနေ့ (ဇူလိုင်လ ၂၁ ရက်နေ့) က ကြေညာလိုက်ပါတယ်။
ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် လက်ရှိဒုတိယသမ္မတကမ်မလာဟဲရစ်ကို ဘိုင်ဒန်ကထောက်ခံ လိုက်ပြီး ကမ်မလာဟဲရစ်ကို ရွေးချယ်ကြဖို့လည်း ဒီမိုကရက်ပါတီဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။
သမ္မတရွေးချယ်ပွဲမတိုင်ခင် ၄ လ အလိုမှာ အခုလို မမျှော်လင့်ဘဲ ဂျိုးဘိုင်ဒန်က ကြေညာလိုက်တာဖြစ်ပါတယ်။
“ပြည်သူတွေရဲ့သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရတာ ကျွန်တော့်ဘဝအတွက် အကြီးအကျယ် အမြင့်မြတ်ဆုံး သော ဂုဏ်ဒြပ်ပါပဲ။ ပြန်လည်အရွေးခံရရေး ကြိုးပမ်းဖို့ ရည်ရွယ်ချက်ရှိပေမဲ့ ကျွန်တော့်ပါတီနဲ့ တိုင်းပြည်အတွက် ကျန်ရှိနေတဲ့ သမ္မတသက်တမ်းမှာ အာရုံစိုက် တာဝန်ထမ်းဆောင်တာက အကောင်းဆုံးအကျိုးစီးပွားဖြစ်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဘိုင်ဒန်က လူမှုကွန်ရက်ပေါ်က ပြည်သူ့ထံပေးစာထဲမှာ တနင်္ဂနွေနေ့က ရေးသားဖော်ပြ ခဲ့ပါတယ်။
ဂျိုးဘိုင်ဒန်က ဒုတိယသမ္မတကမ်မလာဟဲရစ်ကို အပြည့်အဝထောက်ခံပြီး အခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဒီမို ကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ကမ်မလာဟဲရစ်ကို အမည်စာရင်းတင်သွင်းဖို့ ထောက်ခံသွားမှာဖြစ် တယ်လို့လည်း တခြားပို့စ်တစ်ခုမှာ ရေးသားထားပါတယ်။
ပါတီဝင်တွေဆီက ထောက်ခံမှုရရှိဖို့နဲ့ ပါတီက အမည်စာရင်းတင်သွင်းခံရဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဟဲရစ်ကလည်း အတည်ပြုပြောကြားပါတယ်။
ဒီမိုကရက်တစ်ပါတီဝင်တွေဖြစ်တဲ့ သမ္မတဟောင်းဘီလ်ကလင်တန်၊ ဟီလာရီကလင်တန်၊ အထက်လွှတ်တော် အမတ်အဲလိဇဘက်ဝါရင်းနဲ့ ကယ်လ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်တို့က ကမ်မလာဟဲရစ် ကို ထောက်ခံကြောင်း ချက်ချင်းပြောကြားခဲ့ကြပါတယ်။
ဒါပေမဲ့ သမ္မတဟောင်းဘားရက်ခ်အိုဘားမား၊ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လစီတို့ကတော့ ဂျိုး ဘိုင်ဒန်ကို ချီးကျုးပြောကြားခဲ့ပေမဲ့ ကမ်မလာဟဲရစ်ကို ထောက်ခံဖို့ကိစ္စမှာ နှုတ်ဆိတ်နေကြပါတယ်။
ဒီမိုကရက်တစ်ပါတီညီလာခံကို သြဂုတ်လ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ပါတီရဲ့ သမ္မတလောင်းကို အဲဒီညီလာခံမှာ ရွေးချယ်အတည်ပြုသွားမှာဖြစ်ပါတယ်။
Ref: Biden drops out and endorses Kamala Harris, upending 2024 presidential race against Trump: CBS News
#PeopleMedia