• Follow Us on
Latest News

Home သမ္မတသက်တမ်းနောက်ဆုံးအချိန်မှာ မိသားစုဝင် ၅ ဦးကို ဂျိုးဘိုင်ဒန် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့

သမ္မတသက်တမ်းနောက်ဆုံးအချိန်မှာ မိသားစုဝင် ၅ ဦးကို ဂျိုးဘိုင်ဒန် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့သက်တမ်းနောက်ဆုံးအချိန်မှာ ၎င်းရဲ့မိသားစုဝင်ငါးဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

 

အဲဒီပုဂ္ဂိုလ်တွေ အမှားတစ်စုံတရာ ကျူးလွန်ခဲ့တာကြောင့် မဟုတ်ဘဲ မကြာခင်တက်လာမယ့် သမ္မတဒေါ်နယ်ထရမ့်ထံ က နိုင်ငံရေးတိုက်ခိုက်မှုတွေကို စိုးရိမ်လို့ အခုလို လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။

 

“ကျွန်တော့်မိသားစုဟာ မရပ်မနား တောက်လျှောက် ခြိမ်းခြောက်တိုက်ခိုက်ခံနေရတယ်။ တစ်ခုတည်းသောရည်ရွယ် ချက်ကတော့ ကျွန်တော့်ကို ထိခိုက်နာကျင်စေဖို့အတွက်ပါပဲ။ အဆိုးရွားဆုံး ပါတီနိုင်ငံရေး တိုက်ခိုက်မှုအမျိုးအစားပေါ့။ ကံမကောင်းတာက အဲဒီတိုက်ခိုက်မှုတွေ အဆုံးသတ်သွားမယ့် အရိပ်လက္ခဏာ လုံးဝ မမြင်ရတာပါပဲ။” လို့ ဘိုင်ဒင်က ၎င်းရဲ့ သမ္မတအဖြစ်နောက်ဆုံး ထုတ်လွှင့်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

ဂျိုးဘိုင်ဒန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာပါရှိသူတွေကတော့ ၎င်းရဲ့အစ်ကိုဖြစ်သူ ဂျိမ်းစ်ဘီဘိုင်းဒန်၊ ဂျိမ်းစ်ရဲ့ဇနီးဖြစ်သူ ဆာရာဂျုံး၊ ဘိုင်ဒန်ရဲ့ညီမဖြစ်သူ ဗလာရီဘိုင်ဒန်အိုဝင်းစ်၊ မစ္စစ်အိုဝင်းစ်ရဲ့ ခင်ပွန်း ဂျွန်တီအိုဝင်းစ်နဲ့ ဘိုင်ဒန်ရဲ့ညီဖြစ်သူ ဖရန်စစ်ဒဗလျူဘိုင်ဒန်တို့ဖြစ်ပါတယ်။

 

ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ဖို့အတွက် ကွန်ဂရက်လွှတ်တော်ခန်းမထဲကို သမ္မတဂျိုးဘိုင်ဒန်လမ်း လျှောက်ထွက်သွားပြီးနောက် သမ္မတရာထူးက မထွက်ခွာမီ မိနစ် ၂၀ မပြည့်တဲ့အချိန်ကလေးအတွင်းမှာပဲ အခုလွတ် ငြိမ်းချမ်းသာခွင့်ကို အိမ်ဖြူတော်က ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

 

ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ၎င်းရဲ့နေရာကို ဆက်ခံမယ့်သမ္မတဒေါ်နယ်ထရမ့်ကို မယုံကြည်မှုနဲ့ ဒေါသတွေကို ထုတ်ဖော် ပြသလိုက်တဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံရေးသက်တမ်း အနှစ် ၅၀ အတွင်းမှာ မှတ်တမ်းတင်လောက်တဲ့ နောက်ဆုံးလုပ် ဆောင်ချက်ပဲဖြစ်ပါတယ်။

 

ဒေါ်နယ်ထရမ့်ဟာ အမေရိကမှာ ဒီမိုကရေစီကို ခြိမ်းခြောက်နေသူလို့ မစ္စတာဘိုင်ဒန်က အကြိမ်ကြိမ်ပြောဆိုခဲ့ပေမဲ့ ၎င်း အနေနဲ့ တရား ဥပဒေစိုးမိုးမှုကို ယုံကြည်သလို တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ တည်ကြည်မှု ကိုလည်း ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

အစောပိုင်းက သားဖြစ်သူ ဟန်းတားဘိုင်ဒန်ကို လွတ်ငြိမ်းခွင့်ပေးခဲ့သလို အခုတစ်ကြိမ်ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်က ပြင်းပြင်းထန်ထန် သြဇာအာဏာသုံးစွဲမှုကို စိန်ခေါ်ဖို့ ခြိမ်းခြောက်နေပါတယ်။ “တရားဥပဒေစိုးမိုးမှုကို ကျွန်တော်ယုံကြည်ပါတယ်။

 

ပြီးတော့ ကျွန်တော်တို့ရဲ့ တရားဥပဒေစိုးမိုးရေးအင်စတီကျူးရှင်း တွေရဲ့ စွမ်းအားကလည်း ကျွန်တော်တို့ နိုင်ငံရေးလောကကို လွှမ်းမိုးလိမ့်မယ်လို့ ကျွန်တော် အကောင်းဘက်က ရှုမြင် ပါတယ်။ ဒါပေမဲ့ အခြေအမြစ်မရှိဘဲ နိုင်ငံရေးရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ သူတို့ပစ်မှတ်ထားတဲ့ ဘဝတွေ၊ ဘေးကင်းလုံခြုံမှုတွေနဲ့ ဘဏ္ဍာရေးအရလုံခြုံမှုတွေကို ကသောင်းကနင်းဖြစ်စေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“လူတစ်ဦးတစ်ယောက်ချင်းစီ ဘာအမှားမှ မလုပ်ခဲ့လို့ အဆုံးသတ်မှာ အပြစ်မရှိကြောင်း ကြေညာခံရမယ်ဆိုရင်တောင်မှ ဘာမှမဟုတ်ဘဲ စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုခံရတယ်ဆိုတာဟာ အဲဒီပုဂ္ဂိုလ်တွေရဲ့ ဂုဏ်သတင်းနဲ့ စီးပွားရေးကို ထိခိုက် စေပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

တောင်ဒါကိုတာပြည်နယ် ထင်းရူးတောတန်းဌာနေတိုင်းရင်းသားများသီးသန့်နယ်မြေ (the Pine Ridge Indian Reservation) အရေးနဲ့ပတ်သက်ပြီး ၁၉၇၅ ခုနှစ်က FBI ထောက်လှမ်းရေးနှစ်ဦး သတ်ခဲ့တဲ့အတွက် ထောင်ဒဏ်တစ် သက်တစ်ကျွန်းကျနေတဲ့ ဌာနေတိုင်းရင်းသားတက် ကြွလှုပ်ရှားသူ လင်းနဒ်ပယ်လ်တီးယားကိုလည်း လွတ်ငြိမ်းချမ်းသာ ခွင့်ပေးကြောင်း မစ္စတာဘိုင်ဒန်က ပြောပါတယ်။

 

အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့အတွက် အသက် ၈၀ ရှိနေပြီဖြစ်တဲ့ မစ္စတာပယ်လ်တီးယားဟာ ၎င်းဘဝရဲ့ ကျန်ရှိနေတဲ့ နောက်ဆုံးအချိန်တွေကို နေအိမ်အကျယ်ချုပ်ဘဝနဲ့ ကုန်ဆုံးခွင့်ရသွားမှာဖြစ်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။

 

Ref: Biden Pardons 5 Members of His Family in Final Minutes in Office

 

#PeopleMedia


Share this post