သာစည်မြို့နယ်တွင် ကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိ
PUBLISHED - February 9, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သာစည်မြို့နယ်၊ ယင်းမာပင်ကျေး ရွာမှ ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာသို့သွားသည့် တောင်ကြားလမ်း၊ ကျွဲကျကျေးရွာချောင်းအနီး၌ သတင်းအရစောင့်ဆိုင်းနေစဉ် ညနေ ၆ နာရီအချိန်၌ ကြိုတင်သတင်းရရှိထားသည့် ကိုမျိုး၊ မျိုးမြင့်ထွန်းနှင့် ညွန့်ဝင်းတို့ ၃ ဦးသည် မော်တော်ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာ၍ ရှာဖွေရာ ဆာလာအိတ် ၁၅ အိတ်အတွင်း မှ ဆပ်ပြာခွက် ၃၃၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၃၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဘိန်းဖြူများသယ်ဆောင်ခိုင်းသူ ဆန်းဦး နှင့် ပူးပေါင်းပါဝင်သူ အောင်ထွန်းလင်း(ခ)ချစ်သဲ တို့အား ယင်းနေ့ ည ၈ နာရီအချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာတွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲအချိန် သာစည်မြို့နယ်၊ ယင်းမာပင် ကျေးရွာ၊ မြို့မကွက်သစ်ရပ်ရှိ ကိုမျိုး ၏ နေအိမ်မှ ဆပ်ပြာခွက် ၂၁၇၈ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၂၁ ဒသမ ၇၈ ကီလိုအား ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆၉၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန် ဘိန်းဖြူများသယ်ဆောင်ခဲ့သည့် ၂၂ ဘီးတွဲယာဉ် မောင်းနှင်သူ လွင်မိုးသူ(ခ)မိုးသူအောင် အား တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ၎င်း ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည် နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#PeopleMedia