သာစည်မြို့နယ်တွင် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - September 3, 2024
နေပြည်တော် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးကက်တမင်း ၃၇ ကီလိုနှင့် Happy Water ၆ ဒသမ ၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် သာစည်မြို့နယ်၊ တောင်ဂွကျေးရွာအနီးတွင် ပြည့်ဖြိုးကျော်(ခ)မှုန်လေးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၃၇ ကီလိုနှင့် Happy Water ၆ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သိန်းမင်းကျော်(ခ) ဖိုးထွေးနှင့် နိုင်ဝင်းထွန်းတို့ ၂ ဦးအား ယင်းနေ့မွန်းလွဲ ၁ နာရီအချိန် သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာအနီး၊ ပျော်ဘွယ်-တောင်ကြီး သွားကားလမ်းတွင် PAJERO မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ ဘိုဘိုဇော်၊ မဒိုင်နန်း(ခ)ရွှေစင်နှင့် ဝင်းကိုကိုတို့ ၃ ဦးအား ည ၁၁ နာရီခွဲအချိန် မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်း၊ ၅၉ x ၆၀ လမ်းကြားရှိဟိုတယ်တွင် LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ် ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia