သာစည်မြို့နယ်တွင် သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
PUBLISHED - February 5, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၅
သာစည်မြို့နယ်တွင် ကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၁နာရီအချိန် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲ တပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဟိုပုံးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ အောင်အောင်(ခ)အောင်ကြီး မောင်းနှင်ပြီး ကျော်ဝင်းထွန်း(ခ)အွတ်စမန်းနှင့် စန်းလွင်ဦးတို့လိုက်ပါလာသည့် NISSAN AD Van အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ် ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၅၀၀) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်အောင်(ခ)အောင်ကြီး(၃၆)နှစ်၊ ကျော် ဝင်းထွန်း(ခ)အွတ်စမန်း(၄၆)နှစ် နှင့် စန်းလွင်ဦး(၃၈)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၇နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဟိန်းဇာနည်ဇော် (ခ)ဘာရစ် မောင်းနှင်ပြီး မနန်းဆိုင်ဖူး(ခ)ဆိုင်ဖူး လိုက်ပါလာသည့် TOYOTA WISH အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး (ကက် တမင်း)အလေးချိန် ၂.၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၈၁၀)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဟိန်းဇာနည်ဇော်(ခ)ဘာရစ်(၃၂)နှစ် နှင့် မနန်းဆိုင်ဖူး(ခ)ဆိုင်ဖူးတို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia