သီတဂူဆရာတော်ကြီးမှ ရေဘေးအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ လှူဒါန်း
PUBLISHED - September 25, 2024
နေပြည်တော် စက်တင်ဘာ ၂၅
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရမှ ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၁၀၀၀၀ လှူဒါန်းကြောင်း သိရသည်။
သီတဂူဆရာတော်ကြီး၏ ကရုဏာအလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ သီတဂူဆရာတော်ကြီးက အလှူတော်ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ သံဝေဂကထာနှင့် ဩဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။ ထို့နောက် သီတဂူဆရာတော်ကြီးလှူဒါန်းသည့် အမေရိကန် ဒေါ်လာ ၁၀၀၀၀ ကို ဆရာတော်ဘုရားကိုယ်စား ကပ္ပိယကာရကမှပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ဆက်ကပ်သည်။
ဆက်လက်၍ ကွန်းခိုရာကုမ္ပဏီမိသားစုက အလှူတော်ငွေကျပ် သိန်း ၁၀၀၀ ကိုပေးအပ်လှူဒါန်းရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့သည်။
ထို့နောက် သီတဂူဆရာတော်ကြီးနှင့် သံဃာတော်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
#PeopleMedia