သောကြာနေ့မတိုင် ဓားစာခံတွေ ပြန်လွှတ်ပေးရေးအစီအစဉ် စတင်ဦးမှာမဟုတ်ကြောင်း အစ္စရေးပြော

PUBLISHED - November 23, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃
ဂါဇာဒေသက ဓားစာခံတွေ ပြန်လွှတ်ပေးရေးအစီအစဉ်ဟာ သောကြာနေ့ (နိုဝင်ဘာလ ၂၄ ရက်နေ့) မတိုင်ခင် စတင်ဦးမှာမဟုတ်သေးကြောင်း အစ္စရေးအမျိုးသားလုံခြုံရေးကောင်စီညွှန်ကြားရေးမှူး တာချီဟန်နက်ဂ်ဘီက ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာလ ၂၂ ရက်နေ့) က ထုတ်ပြန်ချက်ထဲမှာ ပြောကြားလိုက်ပါတယ်။
“ဓားစာခံတွေပြန်လည်လွတ်မြောက်ရေးအတွက် ဆက်သွယ်ဆောင်ရွက်မှုအခြေအနေတွေတိုးတက်နေသလို ဆက်လက်ပြီးဆောင်ရွက်နေပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“နှစ်ဖက်သဘောတူညီချက်အရ ဓားစာခံတွေကို ပြန်လွှတ်သွားမှာဖြစ်ပါတယ်။ သောကြာနေ့မတိုင်ခင်အထိ စ တင်ဆောင်ရွက်ဦးမှာ မဟုတ်ပါဘူး။” လို့ ဟန်နက်ဂ်ဘီက ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ဟာ အကျဉ်းသားပြန်လည်လဲလှယ်ရေးအစီအစဉ်ကို သဘောတူခဲ့ရာမှာ ဟားမတ်စ် အဖွဲ့က အစ္စရေးဓားစာခံ ၅၀ ကို ပြန်လွှတ်ပေးပြီး အစ္စရေးဘက်က အကျဉ်းထောင်ထဲမှာရှိတဲ့ ပါလက်စတိုင်း ၁၅၀ ကို ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။
ဓားစာခံပြန်လွှတ်ပေးရေးအစီအစဉ်ကို ဗုဒ္ဓဟူးနေ့မှာ အစ္စရေးအစိုးရဘက်က သဘောတူညီပြီးနောက် ၂၄ နာရီ အတွင်းမှာ ဓားစာခံတွေကို ပြန်လွှတ်ပေးဦးမှာမဟုတ်ဘူးလို့ အစ္စရေးအရာရှိတွေက ပြောပါတယ်။
အစ္စရေးအကျဉ်းထောင်ထဲမှာရောက်နေတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ ၎င်းတို့ ဆွေမျိုးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် အစ္စရေးတရားရုံးချုပ်ကို အဲဒီ ၂၄ နာရီအတွင်းမှာ အယူခံဝင်လျှောက်ထားရမှာဖြစ်ပါတယ်။
ဓားစာခံလဲလှယ်ရေးလမ်းကြောင်း လုံခြုံစိတ်ချရစေဖို့အတွက် လေးရက်ကြာအပစ်အခတ်ရပ်စဲထားဖို့ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့က သဘောတူညီထားပါတယ်။
လေးရက်ကြာယာယီအပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ကြာသပတေးနေ့ (နိုဝင်ဘာလ ၂၃ ရက်နေ့) မနက်ပိုင်း မှာ စတင်မှာဖြစ်ပေမဲ့ အချိန်အတိအကျကို အခုချက်ချင်းမသိရသေးကြောင်း ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် တစ်ဦးက အယ်လ်ဂျာဇီးယားသတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
စစ်ပွဲစတင်ဖြစ်ပွားကတည်းက ဂျာနယ်လစ် ၅၃ ဦး သေဆုံးသွားခဲ့ပြီဖြစ်ပြီး အဲဒီအထဲက ၄၆ ဦးဟာ ပါလက်စ တိုင်းလူမျိုးတွေဖြစ်တယ်လို့ ဂျာနယ်လစ်ကာကွယ်စောင့်ရှောက်ရေးကော်မတီက ပြောပါတယ်။
၁၉၉၂ ခုနှစ်ကတည်းက လေ့လာခဲ့ရာမှာ အခုဖြစ်ပွားတဲ့စစ်ပွဲ ပထမလေးပတ်အတွင်းမှာပဲ ဂျာနယ်လစ်သေဆုံး တဲ့နှုန်းဟာ အမြင့်မားဆုံးဖြစ်ကြောင်း အဲဒီကော်မတီက ပြောပါတယ်။
စစ်ပွဲကြောင့် အစ္စရေးဘက်မှာ လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၂၃၆ ဦး ဓားစာခံအဖြစ် အဖမ်းခံထားရသ လို ဂါဇာကမ်းမြောင်ဒေသမှာတော့ ပါလက်စတိုင်းလူမျိုး ၁၄၀၀၀ ကျော်သေဆုံးသွားပြီဖြစ်ပြီး လူဦးရေ ၁.၆ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
Ref: Israel’s national security adviser says hostage release will not take place before Friday
#PeopleMedia