သံဖြူဇရပ်မြို့နယ်၊ ဝဲခမိ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး အပါအဝင် ဆရာ၊ ဆရာမ (၅)ဦးကို တပ်မတော် မိသားစုဝင်များနှင့် ပတ်သက်သူများဟုဆိုကာ စစ်သွေးကြွ KNU/PDF က ဖမ်းဆီးသွား
PUBLISHED - August 8, 2024
နေပြည်တော်၊ ဩဂုတ် ၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး အပါအဝင် ဆရာ၊ ဆရာမ (၅)ဦးကို တပ်မတော် မိသားစုဝင်များနှင့် ပတ်သက်သူများဟုဆိုကာ စစ်သွေးကြွ KNU/PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသွားကြောင်း သိရသည်။
ဩဂုတ်လ (၂)ရက် ညနေပိုင်းတွင် ဝဲခမိကျေးရွာ အထက်တန်းကျောင်းသို့ စစ်သွေးကြွ KNU/PDF အဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆရာ၊ ဆရာများကို ဒူးထောက်ပြီး ထိုင်ခိုင်းကာ ကျောင်းအုပ်ဆရာကြီး အပါအဝင် ဆရာ၊ ဆရာမ (၅)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
“အကြမ်းဖက် KNU/PDF တွေက ဩဂုတ်လ (၂)ရက်နေ့မှာ ကျောင်းကိုရောက်လာတယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေကို ဒူးထောက်ပြီး ထိုင်ခိုင်တယ်။ နောက်ပြီး သူတို့မှာ ပါလာတဲ့ နာမည်စာရင်းအတိုင်း (၅)ယောက် ပေါ့နော်။ ကျောင်းအုပ်ကြီးပါမယ်။ ဆရာ (၂)ယောက်ပါမယ်။ ဆရာမ (၂)ယောက်ပါမယ်။ အဲဒါကို ဖမ်းသွားတာ ယနေ့ထက်ထိကို ပြန်ပြီးတော့ မလွတ်လည်း မလွတ်လာဘူး။ သံဖြူဇရပ်မြို့နယ်က ခရိုင်ပညာရေးမှူးရုံးတွေ ပြည်နယ်ပညာရေးမှူးရုံးတွေကလည်း ဘာမှ လှုပ်ရှားမှုလည်း မရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်သွေးကြွ KNU/PDF အဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ဝဲခမိကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမြင့်ဇော်ဦး၊ အထက်တန်းပြ ဆရာမ ဒေါ်ခင်မြတ်မြတ်ထွန်းနှင့် ဒေါ်ခိုင်ခိုင်မိုး၊ ဒုတိယ မူလတန်းပြ ကျောင်းဆရာများ ဖြစ်ကြသည့် ဦးကျော်ဘုန်းဝေ၊ ဦးကျော်စိုးလွင် တို့ဖြစ်ကြကြောင်း သိရသည်။
လက်ရှိအချိန်ထိ စစ်သွေးကြွ KNU/PDF အဖွဲ့ဝင်များသည် ဖမ်းဆီးသွားသည့် ဆရာ၊ ဆရာမများနှင့် ပတ်သတ်ပြီး အကြောင်းကြားခြင်း မရှိသေးသဖြင့် ဆရာ၊ ဆရာမများ၏ မိသားစုဝင်များသည် စိုးရိမ်သောက ရောက်နေကြကြောင်း သိရသည်။
“လက်ရှိအဖမ်းခံထားရတဲ့ ဆရာ၊ဆရာမတွေရဲ့ မိသားစုဝင်တွေ အကုန်လုံးက သောကရောက်နေကြတယ်။ ဘယ်သူ့ကို ပြောလို့ ပြောရမှန်းမသိဘူး။ ဖမ်းသွားပြီးတည်းက ဆက်သွယ်လို့လည်း မရဘူး။ တစ်ဖက်မှာ ဆရာ၊ ဆရာမတွေကို ညှင်းပန်းနှိပ်စက်နေမလားပေါ့။ သောက အမျိုးမျိုး ရောက်နေကြတယ်” ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
#PeopleMedia