သံဖြူဇရပ်မြို့နယ် KNU/PDF ပူးပေါင်းအဖွဲ့က Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် မျှစ်ချိုးနေသည့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - August 30, 2024
နေပြည်တော်၊ ဩဂုတ် ၃၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာအနီးသို့ KNU/PDF ပူးပေါင်းအဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များပစ်ချတိုက်ခိုက်မှုကြောင့် မျှစ်ချိုးနေသည့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာ ကျေးရွာအနီးသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကုန်းမြင့်သာယာကျေးရွာအနီး ဝါးရုံတောအတွင်းသို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဝါးရုံးတောအတွင်း မျှစ်ချိုးနေသည့် သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာနေ ကိုမျိုးမင်းထွန်း(၂၅)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး မော်လမြိုင်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
#PeopleMedia