• Follow Us on
Latest News

Home သံသယတရားခံ ပရာဝီးလွတ်မြောက်အောင်ကူညီမှုနဲ့ အဖမ်းခံထားရတဲ့ ရဲအရာရှိ ၆ ဦးကို ဘန်ကောက် အကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်

သံသယတရားခံ ပရာဝီးလွတ်မြောက်အောင်ကူညီမှုနဲ့ အဖမ်းခံထားရတဲ့ ရဲအရာရှိ ၆ ဦးကို ဘန်ကောက် အကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၁

 

ကမ်နန်နော့ ခေါ် ပရာဝီးချန်ခလိုင်ရဲ့အိမ်မှာ အမြန်လမ်းရဲအရာရှိတစ်ဦး ပစ်သတ်ခံရပြီးနောက် ပရာဝီးထွက်ပြေး လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့တဲ့အမှုနဲ့ အလုပ်ကဖြုတ်ပြီး အဖမ်းခံထားရတဲ့ ရဲအရာရှိ ၆ ဦးကို ဘန်ကောက်ရီမန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။

 

ဆမွတ်ဆခုမ်ဗဟိုအကျဉ်းထောင်မှာရှိနေတဲ့ အဲဒီအရာရှိ ၆ ဦးကို ရာဇဝတ်မှုနှိမ်နှင်းရေးဌာန (CSD) ရဲ့ အထူး တပ်ဖွဲ့က ဘန်ကောက်ရီမန်အကျဉ်းထောင်ကို လွှဲပြောင်းပေးလိုက်တာဖြစ်ကြောင်း CSD အကြီးအကဲ ရဲချုပ် မွန်ထရီက ပြောပါတယ်။

 

အဲဒီရဲအရာရှိ ၆ ဦးကို သိလျက်နဲ့တာဝန်ပျက်ကွက်မှုအတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၅၇၊ တရားခံထွက်ပြေး လွတ်မြောက်အောင်ကူညီမှုအတွက် ပုဒ်မ ၁၈၄ နဲ့ သက်သေခံဖျောက်ဖျက်မှုအတွက် ပုဒ်မ ၁၈၉ တို့ကို ဖောက် ဖျက်ကျူးလွန်ခဲ့တဲ့အတွက် အမှုဖွင့်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

အဲဒီအမှုကို ရာဇဝတ်မှုနှိမ်နှင်းရေးဌာန (CSD) က လွှဲပြောင်းကိုင်တွယ်ဖို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က အမိန့်ပေး လိုက်ပြီးနောက် ရဲအရာရှိ ၆ ဦးလွှဲပြောင်းမှုကို လုံခြုံရေးတင်းကျပ်စွာလိုက်ပါစောင့်ရှောက်ပြီး ဆောင်ရွက်ခဲ့တယ် လို့ ဆိုပါတယ်။

 

အရေးယူခံရတဲ့ ရဲအရာရှိ ၆ ဦးကတော့ ဆမွတ်ဆခုမ်က ကရာသမ်ဘီးရဲစခန်းက အသက် ၅၂ နှစ်အရွယ် ရဲမှူး ကီယာတီဆတ်ဆမ်ဆက်၊ အမှတ် ၁ အမြန်လမ်းရဲစခန်းက အသက် ၅၉ နှစ်အရွယ် ဒုရဲမှူး နထာပိုလ်နတ်ခုန်၊ အမှတ် ၁ အမြန်လမ်းရဲစခန်းက အသက် ၅၈ နှစ်အရွယ် ဒုရဲမှူး နရောင်ဆတ် တန်အမ်ပိုင်၊ နခုန်ပထုမ် မောင်း ခရိုင်ရဲစခန်းက အသက် ၅၇ နှစ်အရွယ် ရဲအုပ်နီမစ်ဆလစ်ကူလ်၊ အမှတ် ၁ အမြန်လမ်းရဲစခန်းက အသက် ၅၈ နှစ်အရွယ် ရဲအုပ်ပရာဆန်ရော့ပူးလ်နဲ့ အမှတ် ၁ အမြန်လမ်းရဲစခန်းက အသက် ၅၅ နှစ်အရွယ် ဒုရဲအုပ်ဆန်ဆာ ဆရီဆွာဝပ်တို့ဖြစ်ပါတယ်။

 

အခုလအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ မစ္စတာပရာဝီးအိမ်က ညစာစားပွဲပစ်ခတ်မှုအပြီးမှာ သေနတ်သမားနဲ့ မစ္စတာ ပရာဝီးတို့ ထွက်ပြေးလွတ်မြောက် အောင်ကူညီခဲ့မှုနဲ့ အဲဒီအရာရှိ ၆ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပစ်ခဲ့ပြီးဖြစ် ပါတယ်။

 

အသက် ၃၅ နှစ်အရွယ် မစ္စတာပရာဝီးကိုလည်း ဘန်ကောက်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပါ တယ်။

 

စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းမှာဖြစ်ပွားခဲ့တဲ့ အမြန်လမ်းရဲအရာရှိ ရဲမှူးဆီဝါခွန်ဆိုင်ဘူဝါအသတ်ခံ ရတဲ့အမှုမှာ ပရာဝီးဟာ အဓိကသံသယတရားခံတစ်ဦးဖြစ်ပါတယ်။

 

အဲဒီညက ပရာဝီးအိမ်မှာကျင်းပခဲ့တဲ့ ညစာစားပွဲကို ရဲတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်တက်ရောက်ခဲ့ပါတယ်။

 

ကနဦးသတင်းတွေအရ သိရတာကတော့ ပရာဝီးက အမြန်လမ်းရဲတပ်ဖွဲ့က ၎င်းရဲ့တူဖြစ်သူကို ရာထူးတိုးပေးဖို့ ရဲမှူးဆီဝါခွန်ထံ တောင်းဆိုခဲ့ရာမှာ ရဲမှူးက ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီအချိန်မှာ ပရာဝီးရဲ့တပည့် ထာနန်ချိုင်မန်မတ်က ရဲမှူးဆီဝါခွန်ကို သေနတ်နဲ့ လေးငါးခြောက်ချက်ပစ်ခတ် ခဲ့တာလို့ဆိုပါတယ်။

 

ရဲမှူးဆီဝါခွန်ဟာ သေနတ်နဲ့အပစ်ခံရပြီးနောက် သေဆုံးခဲ့သလို အမှတ် ၂ အမြန်လမ်းရဲတပ်ဖွဲ့က ဒုတိယရဲမှူး ကြီးမာဆင်ပန်ပီးကိုလည်း ကျည်ထိမှန်ခဲ့ပါတယ်။

 

အခင်းဖြစ်ပြီး နှစ်ရက်အကြာမှာ ပရာဝီးတို့နှစ်ဦးကို လိုက်လံရှာဖွေတဲ့ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ရင်း ပရာဝီး တပည့် ထာနန်ချိုင်မန်မတ် သေနတ်ထိမှန်သေဆုံးသွားခဲ့ပြီး ပရာဝီးကတော့ ရဲတပ်ဖွဲ့ထံ လက်နက်ချခဲ့ပါတယ်။

 

ဘန်ကောက်ရီမန်အကျဉ်းထောင်ကြီးကို ဇုံ ၈ ခုခွဲထားပြီး အဲဒီအရာရှိ ၆ ဦးကိုတော့ ပရာဝီးကိုထိန်းသိမ်းထားတဲ့ အဆောင်နဲ့ မတူတဲ့ တခြားအဆောင်တစ်ခုမှာပဲ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

 

Ref: Six police held in ‘Kamnan Nok’ case moved to Bangkok prison: Bangkon Post

 

#PeopleMedia


Share this post