သြစတေးလျမှာ တန်ဖိုးသင့်အိမ်ရာတည်ဆောက်ရေးအတွက် ထိုင်းဆူဖားလိုင်းကုမ္ပဏီနဲ့ သြစတေးလျ Stockland ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်မည်
PUBLISHED - September 4, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၄
သြစတေးလျနိုင်ငံမှာ တန်ဖိုးသင့်အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ထိုင်းနိုင်ငံက အိမ်ရာတည် ဆောက်ရေး ဆူဖားလိုင်းကုမ္ပဏီကြီးရဲ့ လက်ခွဲကုမ္ပဏီဖြစ်တဲ့ Supalai Australia Holdings (ဆူဖာလိုင်း သြစတေးလျဦးပိုင်) ကုမ္ပဏီဟာ သြစတေးလျနိုင်ငံရဲ့ အကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Stockland ကုမ္ပဏီကြီးနဲ့ ပူးပေါင်းလိုက်ပါတယ်။
သြစတေးလျနိုင်ငံက အဓိကမြို့ကြီးတွေမှာ တန်ဖိုးသင့်အိမ်ရာတွေ တည်ဆောက်ပေးဖို့အတွက် အခုလို ပူး ပေါင်းလိုက်တာဖြစ်ကြောင်း ဆူဖားလိုင်းကုမ္ပဏီရဲ့ တနင်္လာနေ့ (စက်တင်ဘာ ၂ ရက်နေ့) မဲလ်ဘုန်းခရီးစဉ်မှာ ကြေညာခဲ့ပါတယ်။
ပူးပေါင်းမှုဟာ SSRCP HoldCo Pty Ltd ထူထောင်ဖို့ နှစ်ဖက်စလုံးက ကန်ထရိုက်စာချုပ်လက်မှတ်ရေးထိုးပြီး ဖက်စပ်လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း Supalai Australia Holdings ရဲ့ ဒါရိုက်တာ ပရာ ဆတ်တန်မာတီတမ်က ပြောပါတယ်။ ဒီဖက်စပ်လုပ်ငန်းမှာ သြစတေးလျဒေါ်လာ ၁.၀၆၃ ဘီလျံ (ထိုင်းဘတ်ငွေ ၂၅.၃ ဘီလျံဝန်းကျင်) ရင်းနှီးမြှုပ်နှံပြီး သြစတေးလျနိုင်ငံတစ်ဝန်း အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဆူဖားလိုင်းကုမ္ပဏီက တိုးချဲ့ခြင်းမပြုရသေးတဲ့ နယူဆောက်ဝေးလ်ပြည်နယ်က ဆစ်ဒနီနဲ့ ဝဲလင်းဂေါင်းအပါအဝင် ပြည်နယ်လေးခုက အဓိကမြို့ကြီး ငါးခုမှာ စီမံချက်လုပ်ငန်း ၁၂ ခုကို ဆောင်ရွက်သွား ဖို့ စီစဉ်နေပါတယ်။
အဲဒီစီမံချက် ၁၂ ခုအတွက် ဆူဖားလိုင်းကုမ္ပဏီက ထည့်ဝင်ရမယ့် စုစုပေါင်းရှယ်ယာတန်ဖိုးက သြစတေးလျ ဒေါ်လာ ၅.၇၈၅ ဘီလျံ (ဘတ်ငွေ ၁၃၇.၇ ဘီလျံ) ဖြစ်ပါတယ်။
ဆူဖားလိုင်းကုမ္ပဏီဟာ သြစတေးလျနိုင်ငံမှာ ၎င်းတို့လက်ရှိဆောင်ရွက်နေတဲ့ စီမံချက် ၁၂ ခုမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ဘတ်ငွေ ၁.၇ ဘီလျံတန်ကြေးရှိ အိမ်ရာတွေကို ရောင်းချခဲ့ရပြီး အဲဒီပမာဏဟာ ၂၀၂၃ ခုနှစ် ကာလတူအချိန်နဲ့ နှိုင်းယှဉ်ရင် ၇၀% အထိ မြင့်တက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစီမံချက် ၁၂ ခုကနေ ၂၀၂၄ ခုနှစ်အတွင်း ဇွန်လ ၃၀ ရက်နေ့အထိ ရရှိထားတဲ့ အရောင်းပမာဏတန်ဖိုး ဟာ ဘတ်ငွေ ၂၄.၅ ဘီလျံရှိပြီလို့ ဆိုပါတယ်။
ဆူဖားလိုင်းကုမ္ပဏီဟာ သြစတေးလျအိမ်ခြံမြေဈေးကွက်ထဲကို ၂၀၁၄ ခုနှစ်မှာ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့၊ ဗစ်တိုးရီးယားပြည်နယ် ဂျီးလောင်မြို့၊ ကွင်းစလန်းပြည်နယ် ဘရစ်ဘန်း မြို့နဲ့ အနောက်သြစတေးလျပြည်နယ် ပါ့သ်မြို့ စတဲ့အဓိကမြို့ကြီး လေးမြို့မှာ စုစုပေါင်း ဘတ်ငွေ ဘီလျံ ၅၀ ကျော်တန်ကြေးရှိတဲ့ စီမံချက် ၁၂ ခုကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
မြေရာအသုံးပြုမှု ကန့်သတ်ချက်တွေနဲ့အတူ မြေဈေး/ဆောက်လုပ်ရေးစရိတ်တွေ ကြီးမြင့်ပြီး အိမ်ရာပိုင်ဆိုင်မှု အတွက် စိန်ခေါ်ချက်တွေ ကြီးကြီးမားမားရှိနေတဲ့ သြစတေးလျမှာ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ အိမ်ရာဝယ်ယူ နိုင်ဖို့ အဓိကရည်မှန်းထားတာဖြစ်ပါတယ်။
ထောက်ပံ့မှုတွေ သိသိသာသာလျော့နည်းလာတဲ့အတွက် သြစတေးလျ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း OECD (စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့) အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ လူဦးရေ ၁,၀၀၀ မှာ ၄၂၀ သာ အိမ်ရာဝယ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီပမာဏဟာ OECD အဖွဲ့ရဲ့ ပျှမ်းမျှတွက်ချက်မှုထက် လျော့နည်းနေတဲ့ပမာဏဖြစ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လူဦးရေသိသိသာသာ တိုးတက်လာမှုက သြစတေးလျနိုင်ငံရဲ့ အပြုသဘောဆောင် တဲ့ပုံရိပ်အတွက် တွန်းအားတွေဖြစ်ကြောင်း Stockland ကုမ္ပဏီကြီးရဲ့ အမှုဆောင်အထွေထွေမန်နေဂျာ မိုက် ဒေးဗစ်က ပြောပါတယ်။
ဒါပေမဲ့လည်း အသစ်ဝင်ရောက်လာတဲ့ သြစတေးလျနိုင်ငံသား ၂၈၀,၀၀၀ ရှိပေမဲ့လည်း ဆောက်လုပ်ပြီးစီးတဲ့ အိမ်ရာက ၁၈၀,၀၀၀ ဝန်းကျင်သာရှိသေးတဲ့အတွက် ရောင်းလိုအား နည်းပါးနေကြောင်းလည်း ၎င်းကထောက် ပြခဲ့ပါတယ်။
ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မြို့ပြလုံးချင်းအိမ်ရာနဲ့ တိုက်ခန်းတွေအပါအဝင် တန်ဖိုးသင့်အိမ်ရာ တွေတည်ဆောက်ရေးကို Stockland ကုမ္ပဏီနဲ့ ဆူဖားလိုင်းကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Ref: Supalai sets out to provide affordable housing to Australians
#PeopleMedia