• Follow Us on
Latest News

Home သြစတေးလျအစိုးရ MQ-4C Triton ဒရုန်းတစ်စင်း ထပ်မံဝယ်ယူမည်

သြစတေးလျအစိုးရ MQ-4C Triton ဒရုန်းတစ်စင်း ထပ်မံဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၁

 

သြစတေးလျအစိုးရဟာ လက်ရှိ P-8A Poseidon လေယာဉ်အုပ်ကို အားဖြည့်တဲ့အနေနဲ့ MQ-4C Triton ဒရုန်း တစ်စင်းကို ထပ်မံဝယ်ယူပြီး ၎င်းတို့ရဲ့ ပင်လယ်ပြင်စောင့်ကြည့်ထောက်လှမ်းစွမ်းရည်တွေကို တိုးမြှင့်သွားမှာ ဖြစ်ကြောင်း The Defense Post မှာရေးသားထားပါတယ်။

 

သြစတေးလျဒေါ်လာ ၁.၅ ဘီလျံ (ကန်ဒေါ်လာ ၉၆၅ သန်း) တန်ကြေးရှိ ရင်းနှီးမြှုပ်နှံမှုဟာ သြစတေးလျတပ်မ တော်အတွက် တဖြည်းဖြည်းမြင့် တက်လာတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရာမှာ လိုအပ်တဲ့ ခေတ်မီကာကွယ် ရေးစွမ်းရည်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

 

ကင်ဘာရာအစိုးရဟာ လက်ရှိအချိန်မှာ MQ-4C Triton ဒရုန်း ၃ စင်းကို အသုံးပြုနေပြီး အခုလို စတုတ္ထမြောက် MQ-4C Triton ဒရုန်းတစ်စင်း ထပ်မံဝယ်ယူလိုက်တဲ့အတွက် နိုင်ငံရဲ့ ရှည်လျားလှတဲ့ ပင်လယ်ပြင်တစ်ဝိုက်မှာ စဉ်ဆက်မပြတ်စောင့်ကြည့်ထောက်လှမ်းမှုကို မြှင့်တင်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

 

အခုထပ်မံဝယ်ယူမယ့် MQ-4C Triton ဒရုန်းကို သက်ဆိုင်ရာမြေပြင်/ထောက်ပံ့ရေးစနစ်တွေနဲ့အတူ ၂၀၂၄ ခုနှစ်မှာ သြစတေးလျကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။

 

အမေရိကန်လေယာဉ်ထုတ်လုပ်ရေး နော့သရု(ပ်) ဂရူးမန်းကုမ္ပဏီက ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ MQ-4C ဒရုန်းဟာ ကြီးမားကျယ်ပြန့်လှတဲ့သမုဒ္ဒရာနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ထောက်လှမ်းရေးတာဝန်တွေ၊ စောင့် ကြည့်ထောက်လှမ်းတာဝန်တွေနဲ့ ကင်းထောက်တာဝန်တွေကို အချိန်နဲ့တပြေးညီဆောင်ရွက်နိုင်တဲ့ ဒရုန်းဖြစ် ပါတယ်။

 

MQ-4C ဒရုန်းဟာ ၂၄ နာရီကျော် ပျံသန်းနိုင်သလို စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့အကွာအဝေးက ရေမိုင် ၈၂၀၀ မိုင် (၁၅၁၈၆ ကီလိုမီတာ/ ၉၄၃၆ မိုင်) ဖြစ်ပြီး တစ်နာရီကို ရေမိုင် ၃၃၁ မိုင် (၆၁၃ ကီလိုမီတာ/၃၈၁ မိုင်) နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

 

“အခုလို MQ-4C ဒရုန်းတစ်စင်း ထပ်မံဝယ်ယူလိုက်တဲ့အတွက် သြစတေးလျမြောက်ပိုင်း စစ်အခြေစိုက်စခန်း တွေကနေ စစ်ဆင်ရေးတွေကို ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။” လို့ သြစတေးလျကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးဝန်ကြီး ပတ်ကွန်ရိုင်းက ပြောပါတယ်။

 

သြစတေးလျနိုင်ငံမှာ အမေရိကန်ဘိုးရင်းကုမ္ပဏီထုတ် P-8A Poseidon ကင်းထောက်လေယာဉ် ၁၄ စင်းရှိပြီး အဲဒီလေယာဉ်တွေအားလုံးကို ရေငုပ်သင်္ဘောတိုက်ခိုက်ရေး၊ ပင်လယ်ပြင်တိုက်ခိုက်ရေးနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်များစုဆောင်းရေးတာဝန်တွေကို ထမ်းဆောင်သွားနိုင်ဖို့ အဆင့်မြှင့်တင်သွားမှာဖြစ်ပါ တယ်။

 

ပထမဦးဆုံးအဆင့်မြှင့်တင်ထားတဲ့ P-8A Poseidon ကင်းထောက်လေယာဉ်ကို ၂၀၂၆ ခုနှစ်မှာ လက်ခံရရှိမှာ ဖြစ်ပြီး လေယာဉ်အုပ်စုတစ်စုလုံးအဆင့်မြှင့်တင်မှုကိုတော့ ၂၀၃၀ ပြည့်နှစ်ဝန်းကျင်လောက် အပြီးဆောင်ရွက် သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

 

Ref: Australia to Buy Additional MQ-4C Drone, Upgrade P-8A Poseidons

 

#PeopleMedia


Share this post