• Follow Us on

Home ဟာဆီနာထွက်ပြေးသွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တပ်မတော်က ထိန်းသိမ်းထား

ဟာဆီနာထွက်ပြေးသွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တပ်မတော်က ထိန်းသိမ်းထား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၆

 

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဆူပူအုံကြွဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာထွက်ပြေးသွားပြီးနောက် အင်္ဂါနေ့မှာ နိုင်ငံကို ဘင်္ဂလားဒေ့ရှ်တပ်မတော်က ထိန်းသိမ်းထားပါတယ်။

 

အသက် ၇၆ နှစ်အရွယ် ဟာဆီနာဟာ ၂၀၀၉ ခုနှစ်ကတည်းက အာဏာရလာခဲ့ပေမဲ့ ဇန်နဝါရီလရွေးကောက်ပွဲ အတွင်း မဲမသမာမှုတွေပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး ပြီးခဲ့တဲ့လက စတင်ဖြစ်ပွားခဲ့တဲ့ဆန္ဒပြမှုတွေအတွင်း ၎င်းနုတ်ထွက်သွားဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

 

ဆန္ဒပြပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွင်းမှုကြောင့် လူဦးရေရာနဲ့ချီပြီး သေဆုံးခဲ့ပေမဲ့ ဆန္ဒပြသူတွေဟာ ပိုမိုတိုးပွားလာသလို ဘင်္ဂလားဒေ့ရှ့်စစ်တပ်ကလည်း ၎င်းကို ဆန့်ကျင်လာတာကြောင့် ဟာဆီနာတစ်ယောက် တနင်္လာနေ့က ရဟတ်ယာဉ်တစ်စင်းနဲ့ ထွက်ပြေးသွားခဲ့ပါတယ်။

 

ဝန်ကြီးချုပ်ဟာဆီနာထွက်ပြေးသွားပြီဖြစ်ပြီး တပ်မတော်က ကြားဖြတ်အစိုးရဖွဲ့စည်းသွားမှာဖြစ်ကြောင်း အစိုးရ ပိုင်ရုပ်သံဌာနကနေ တနင်္လာနေ့မွန်းလွဲပိုင်းမှာ ဘင်္ဂလားဒေ့ရှ့်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာယူဇီဇ မန်းက ကြောညာခဲ့ပါတယ်။ “တိုင်းပြည်က ဒုက္ခအများအပြားခံစားခဲ့ရပါတယ်။

 

စီးပွားရေးက ထိခိုက်နေပါပြီ။ လူအများအပြား သေဆုံးခဲ့ကြရ ပြီးပြီ။ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို့ အချိန်တန်ပါပြီ။” လို့ ပျော်ရွှင်နေကြတဲ့လူအုပ်ကြီးက ဟာဆီနာအိမ်ကို တက်ရောက်သိမ်းပိုက်ပြီးချိန်မှာ ဗိုလ်ချုပ်ကြီး ဝါကာက ပြောပါတယ်။ ဗိုလ်ချုပ်ကြီး ဝါကာရဲ့ ကြေညာချက်ထွက်ပေါ်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သန်းပေါင်းများစွာ ဒါကာ မြို့က လမ်းမတွေပေါ်ကို ထွက်လာကြပါတယ်။

 

“ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်သွားတာ အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ အာဏာရှင်တစ်ယောက်ရဲ့ လက်အောက်ကနေ လွတ်မြောက်သွားပါပြီ။ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ အခုလို တက်တက်ကြွကြွ ထကြွပုန်ကန် ကြတာ ၁၉၇၁ ခုနှစ်မှာ ကျွန်တော်တို့ မြင်ခဲ့ရတယ်။ အခုတစ်ကြိမ် ၂၀၂၄ ခုနှစ်မှာ မြင်ကြရပြန်ပြီ။” လို့ အသက် ၂၁ နှစ်အရွယ် ဆာဇစ်အာနက်ဖ်က ပြောပါတယ်။

 

ဒါပေမဲ့ အပျက်အစီးတွေ၊ ဒေါသထွက်နေတဲ့လူတွေကိုလည်း နေရာတိုင်းလိုလိုမှာ တွေ့မြင်နေရပြီး ဒေါသထွက် နေတဲ့လူအုပ်ကြီးက ဟာဆီနာရဲ့မဟာမိတ်တွေကို လက်စားချေတိုက်ခိုက်ခဲ့တာကြောင့် တနင်္လာနေ့က လူ ၆၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

 

ဆန္ဒပြသူတွေဟာ လွှတ်တော်အဆောက်အဦကို ဝင်ရောက်သိမ်းပိုက်ပြီး ရုပ်သံဌာနတွေကို မီးတင်ရှို့ခဲ့ကြသလို တချို့ဆန္ဒပြသူတွေကလည်း ဟာဆီနာရဲ့ဖခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးသူရဲကောင်း ရှိတ်မူဂျီဘာ ရာမန်ရုပ်တုတွေကို ရိုက်ချိုးဖျက်ဆီးခဲ့ကြပါတယ်။

 

“ညှင်းပန်းနှိပ်စက်မှုတွေအတွက် သူတို့တွေ တာဝန်ခံရမယ့် အချိန်ရောက်လာပါပြီ။ လူသတ်မှုတွေအတွက် ရှိတ် ဟာဆီနာမှာ တာဝန်ရှိပါတယ်။” လို့ ဆန္ဒပြသမား ကာဇာအာမက်က ပြောပါတယ်။

 

နိုင်ငံတစ်ဝန်းက ဟာဆီနာရဲ့ အဝါမီအဖွဲ့ချုပ် (ပါတီ) ရုံးခန်းတွေဟာ မီးတင်ရှို့ခံခဲ့ရပြီး ပါတီရုံးခန်းပိုင်ပစ္စည်းတွေ ဖျက်ဆီး ခိုးယူခံခဲ့ရကြောင်း မျက်မြင်သက်သေတွေက AFP ကို ပြောပါတယ်။

 

ဟာဆီနာအစိုးရဟာ ၎င်းတို့အာဏာတည်မြဲဖို့အတွက် နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်ခဲ့ပြီး အတိုက်အ ခံတွေကို နှိပ်ကွပ်ခဲ့ရာ ဥပဒေနဲ့မညီဘဲ သေဒဏ်ပေးတဲ့အထိ ဖိနှိပ်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

 

AFP သတင်းဌာနက ရဲတပ်ဖွဲ့၊ အစိုးရအရာရှိတွေနဲ့ ဆေးရုံတွေက ဆရာဝန်တွေဆီက ရရှိထားတဲ့သတင်းအ ချက်အလက်စုဆောင်းမှုတွေအရသိရတာကတော့ ဇူလိုင်လအစောပိုင်းကစတင်ခဲ့တဲ့ ဆူပူအုံကြွမှုကြောင့် စုစု ပေါင်းလူဦးရေ ၃၆၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေကတော့ ၎င်းတို့အနေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နဲ့ အသေးစားငွေချေး လုပ်ငန်းကိုစတင်ခဲ့သူ အသက် ၈၄ နှစ်အရွယ် မိုဟာမက်ယူနွတ်ကို အစိုးရအဖွဲ့ကို ခေါင်းဆောင်စေချင်တယ်လို့ ပြောပါတယ်။

 

“ဒေါက်တာယူနွတ်ဟာ ကျွန်တော်တို့ယုံကြည်ရတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။” လို့ ခွဲခြားဆက်ဆံမှုဆန့် ကျင်ရေးကျောင်းသားအဖွဲ့ (SAD) ရဲ့ခေါင်းဆောင် အဆစ်မာမွတ်က Facebook ပေါ်မှာရေးသားခဲ့ပါတယ်။

 

ဝန်ကြီးချုပ်ဟောင်းနဲ့ အဓိကအတိုက်အခံခေါင်းဆောင် အသက် ၇၈ နှစ်အရွယ် ခါလီဒါဇီယာနဲ့ ဆန္ဒပြပွဲမှာ ဖမ်း ဆီးထားတဲ့သူတွေအားလုံးကို လွှတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်ရှာဟာဘတ်ဒင်က တနင်္လာနေ့က ညွှန်ကြားခဲ့ပါတယ်။

 

ဟာဆီနာရဲ့ အဓိကပြိုင်ဘက်ဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကို တံစိုးလက် ဆောင်ရယူမှုနဲ့ ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

 

အတိုက်အခံအဖွဲ့က ခေါင်းဆောင်တွေနဲ့အတူ သမ္မတနဲ့ ကြည်းတပ်ဦးစီးချုပ်တို့ဟာ တနင်္လာနေ့က တွေ့ဆုံဆွေး နွေးခဲ့ပြီး ကြားဖြတ်အစိုးရတစ်ရပ် ချက်ချင်းဖွဲ့ဖို့ သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ကနေ အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားတဲ့ ရှိတ်ဟာဆီနာရဲ့ကံကြမ္မာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

 

Ref: Military in Control of Bangladesh as Long-Time Ruler Hasina Flees

 

#PeopleMedia


Share this post