ဟားမတ်စ်ချေမှုန်းရေးစစ်ပွဲ ဘယ်သူမှ တားဆီးလို့ရမှာမဟုတ်ကြောင်း ဝန်ကြီးချုပ်နတန်ယာဟုပြော
PUBLISHED - January 16, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆
ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်ချေမှုန်းနေတဲ့စစ်ပွဲကို ဘယ်သူကမှ တားဆီးလို့ရမှာမဟုတ်ကြောင်း ဂါဇာစစ်ပွဲ ရက် ၁၀၀ ကျော်လာတဲ့နေ့မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက ပြောကြားလိုက်ပါတယ်။
အစ္စရေးကို နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားပြီး ထိုးစစ်တွေရပ်တန့်ဖို့ တရား ရုံးက အမိန့်ချမှတ်လာနိုင်ပေမဲ့ အစ္စရေးက အဲဒီတရားရုံးအမိန့်တွေကို လိုက်နာမှာမဟုတ်ကြောင်း နတန်ယာဟု က သွယ်ဝိုက်ပြောကြားလိုက်တာဖြစ်ပါတယ်။
“ဘယ်သူကမှ ကျွန်တော်တို့ကို တားဆီးနိုင်မှာမဟုတ်ပါဘူး။ သည်ဟိတ်တရားရုံးကတားဆီးနိုင်မှာ မဟုတ်သ လို မိစ္ဆာတွေရဲ့ မဟာမိတ်တွေကလည်း တားဆီးနိုင်မှာမဟုတ်ဘူး။ တခြား ဘယ်သူကမှ လာရောက်တားဆီး နိုင်မှာ မဟုတ်ဘူး။” လို့ ၎င်းက ပြောပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးယူအက်ဂါးလန့်ကလည်း ဝန်ကြီးချုပ်နတန်ယာဟု ပြောဆိုခဲ့တဲ့အတိုင်း ထပ်မံပြော ဆိုလာပါတယ်။
“အစ္စရေးတပ်မတော်ဟာ ကျွန်တော်တို့ အစ္စရေးသမိုင်းမှာ တရားမျှတမှုအရှိဆုံး စစ်ပွဲကို ဆင်နွှဲတိုက်ခိုက်နေ တာဖြစ်တယ်။ ဟားမတ်စ်စစ်သွေးကြွတွေကို အပြီးတိုင်သုတ်သင်ချေမှုန်းနိုင်ခြင်းမရှိသေးသ၍ အစ္စရေးက ဒီစစ် ပွဲကို ရပ်တန့်မှာ မဟုတ်ဘူး။” လို့ ၎င်းက ပြောပါတယ်။
အစ္စရေးက စစ်ပွဲကို ဆက်လက်ဆင်နွှဲမှာဖြစ်ကြောင်း ပြောကြားနေစဉ်အတွင်းမှာပဲ ဂါဇာဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသေအပျောက်များလာတဲ့အတွက် စစ်ပွဲအရှိန်လျှော့ချရေးနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အစ္စရေးကို ဖိအားပေးတောင်းဆိုလျက် ရှိပါတယ်။
နိုင်ငံတကာဖိအားပေးမှုကြောင့် ဂါဇာဒေသက အစ္စရေးတပ်ဖွဲ့ဝင်တချို့ကို ပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့ ဝေဟင်/ မြေပြင်ထိုးစစ်တွေကတော့ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။
အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်း ၂၃၈၄၃ ဦး သေဆုံးသွားပြီး လူဦးရေ ၆၀၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို လူပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
Ref: Netanyahu vows “nobody will stop us” as Israel marks 100 days of war. What you need to know
#PeopleMedia