ဟားမတ်စ်စစ်ပွဲဟာ လပေါင်းများစွာကြာမြင့်နိုင်ပေမဲ့ အပြီးတိုင်သုတ်သင်ချေမှုန်းသွားမှာဖြစ်ကြောင်း အစ္စရေး ပြော

PUBLISHED - October 23, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၃
ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ရမယ့်အချိန်ကာလဟာ လပေါင်းများစွာကြာမြင့်မှာဖြစ်ပေမဲ့ နောက်ဆုံး အနေနဲ့ အပြီးတိုင်ချေမှုန်းသုတ်သင်မှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့က ပြောကြား လိုက်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့ရဲ့အငိုက်ဖမ်းတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ပါလက်စ တိုင်းနယ်မြေကို မြေပြင်ထိုးစစ်ဆင်နွှဲဖို့ စုဖွဲ့ထားတဲ့တပ်ဖွဲ့ဝင်တွေကို အစ္စရေးကာကွယ်ရေးဝန်ကြီး ယူအက်ဗ်ဂါး လန့်တ်က မိန့်ခွန်းပြောကြားစဉ် ဟားမတ်စ်အဖွဲ့နဲ့ပတ်သက်ပြီး စစ်ပွဲအကြောင်း အရှိန်မြှင့်ပြောကြားခဲ့တာဖြစ် ပါတယ်။
“တစ်လကြာချင်ကြာမယ်၊ နှစ်လကြာချင်ကြာမယ်၊ သုံးလကြာချင်ကြာမယ်။ အဆုံးသတ်မှာ ဟားမတ်စ်အကြမ်း ဖက်သမားတစ်ယောက်မှ မကျန်စေရဘူး။” လို့ ဂါးလန့်တ်က လေတပ်အခြေစိုက်စခန်းတစ်ခုမှာ ပြောပါတယ်။
“ဟားမတ်စ်တွေ ငါတို့တင့်ကားတွေ၊ ငါတို့ ခြေလျင်တပ်တွေနဲ့ မထိတွေ့ခင်မှာ ငါတို့လေတပ်က ဗုံးတွေအ ကြောင်းကို အရင်ဆုံးကောင်းကောင်းသိသွားမှာဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။
အစ္စရေးဂျက်တိုက်လေယာဉ်တွေဟာ ပစ်မှတ်တွေကို တိတိကျကျရှာဖွေပြီး အရည်အသွေးရှိရှိ တိုက်ခိုက်ချေ မှုန်းနိုင်စွမ်းရှိကြောင်း ၎င်းက ပြောပါတယ်။ “ဒီစစ်ပွဲဟာ ဟားမတ်စ်အဖွဲ့ဝင်တွေကို တစ်ယောက်မကျန် ချေမှုန်းသုတ်သင်မယ့် ဂါဇာဒေသရဲ့ နောက်ဆုံးစစ် ပွဲဖြစ်လိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။
ဂါဇာဒေသမှာ ဟားမတ်စ်တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ဆုံးဖြတ်ထားတဲ့ အစ္စရေးနိုင်ငံက ၎င်းတို့ရဲ့ လေ ကြောင်းတိုက်ခိုက်မှုဟာ ဟားမတ်စ်ခေါင်းဆောင်တွေနဲ့ အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက် နေတာဖြစ်ကြောင်း ပြောပါတယ်။
အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ ကလေးသူငယ် ၁၈၇၃ ဦးအပါအဝင် လူဦးရေ ၄၆၀၀ ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောပါတယ်။
အလားတူ ဟားမတ်စ်အဖွဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံထဲမှာ လူဦးရေ ၁၄၀၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။
Ref: Israel Says Hamas War Could Last Months, Vows It Would Be ‘Last’
#PeopleMedia