ဟားမတ်စ်တွေရဲ့မြေအောက်လိုဏ်ခေါင်းတွေဟာ ကမ္ဘာ့အကြီးဆုံးသုဿန်ဖြစ်သွားမယ်လို့ အစ္စရေးဝန်ကြီး တစ်ဦးပြော၊ အစ္စရေးလေတပ် မရပ်မနားဆက်လက်ဗုံးကြဲတိုက်ခိုက်၊ မြေပြင်ထိုးစစ်အသင့်ဖြစ်နေဟုဆို
PUBLISHED - October 20, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၀
ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်တွေတည်ဆောက်ထားတဲ့ အင်မတန်ကြီးမားကျယ်ပြန့်တဲ့ မြေအောက် လိုဏ်ခေါင်းတွေဟာ ကမ္ဘာ့အကြီးဆုံးသင်္ချၤိုင်းဖြစ်သွားမှာဖြစ်ကြောင်း အစ္စရေးစီးပွားရေးဝန်ကြီး နီယာဘရာကက် က အောက်တိုဘာလ ၂၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဓားစာခံတွေနဲ့ အရပ်သားတွေ သေဆုံးတာထက် ဟားမတ်စ်အဖွဲ့ကို ချေမှုန်းသုတ်သင်ဖို့က ပိုပြီးအရေးကြီး ကြောင်း၊ အဲဒီစစ်ဆင်ရေးကို တစ်နှစ်ကြာတယ်ဆိုရင်တောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။
ဓားစာခံတွေကို ကယ်ထုတ်ဖို့ဆောင်ရွက်နေစဉ်အတွင်းမှာပဲ အဓိကအရေးအကြီးဆုံးနဲ့ အန္တိမပန်းတိုင်က ဟား မတ်စ်တွေကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းရေးပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ လိုအပ်မယ်ထင်တဲ့နေရာမှန်သမျှကို ဝင်ရောက်ရှင်း လင်းတိုက်ခိုက်ခွင့်ပြုထားကြောင်း ၎င်းက ပြောပါတယ်။
အစ္စရေးလေတပ်က ဂါဇာကမ်းမြောင်ဒေသကို မရပ်မနားဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသလို အစ္စရေးကြည်း တပ်ကလည်း ပါလက်စတိုင်းနယ်မြေထဲကို ထိုးဖောက်ဝင်ရောက်ဖို့ မြေပြင်ထိုးစစ်အတွက် အသင့်ဖြစ်နေပြီဖြစ် ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက အောက်တိုဘာလ ၁၉ ရက်နေ့က ပြောပါတယ်။
အစ္စရေးက ဂါဇာက ပါလက်စတိုင်းတွေကို ဘေးကင်းရာရွှေ့ပြောင်းနေဖို့ ပြောဆိုလိုက်ပြီးနောက်မှာ ဂါဇာကမ်း မြောင်ဒေသရဲ့လူဦးရေထက်ဝက်ခန့်ဖြစ်တဲ့ ပါလက်စတိုင်း ၁ သန်းကျော်ဟာ မြောက်ပိုင်းနဲ့ ဂါဇာမြို့ မှာရှိတဲ့ ၎င်းတို့နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးသွားကြပြီဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်တစ်ဝန်း ကြသပတေးနေ့ (အောက်တိုဘာလ ၁၉ ရက်နေ့) က အစ္စရေးလေတပ်က လေ ကြောင်းက ဆက်လက်တိုက်ခိုက်ရာမှာ အစ္စရေးကိုယ်တိုင် “ဘေးကင်းလုံခြုံတဲ့နယ်မြေ” လို့ ကြေညာထားတဲ့ ဂါဇာတောင်ပိုင်းဒေသကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မေတ္တာရပ်ခံလိုက်ပြီးနောက် အီဂျစ်နိုင်ငံက ဂါဇာဒေသကို ဝင်ရောက်လာမယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အကန့်အသတ်နဲ့ ဝင်ခွင့်ပြုမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နတန်ယာဟုက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ဟားမတ်စ်အဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အ တွက် ဟားမတ်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကြွေးကြော်ပြီး အစ္စရေးကလက်တုံ့ပြန်တိုက်ခိုက်နေ တဲ့ ဒီစစ်ပွဲဟာ ဂါဇာစစ်ပွဲ ၅ ကြိမ်ထဲမှာ အပြင်းထန်ဆုံးစစ်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ၃၇၈၅ ဦးသေဆုံးပြီး ၁၂၅၀၀ ဒဏ် ရာရထားသလို အစ္စရေးဘက်မှာလည်း ၁၄၀၀ ကျော်သေဆုံးကာ ၂၀၆ ဦး ဓားစာခံအဖြစ် အဖမ်းခံထားရတယ် လို့ ဆိုပါတယ်။
Ref: Israel bombards Gaza with airstrikes and readies troops for a ground assault and Hamas tunnels in Gaza would become ‘world’s biggest cemetery’, Israel minister says
#PeopleMedia