• Follow Us on
Latest News

Home ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟန်နီယက် အီရန်နိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံရ

ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟန်နီယက် အီရန်နိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံရ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၃၁

 

ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟန်နီယက်ဟာ ဇူလိုင်လ ၃၁ ရက်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီမှာ ပဲ့ထိန်းဒုံးကျည်တစ်စင်းနဲ့ လုပ်ကြံခံလိုက်ရကြောင်း အီရန်အစိုးရသတင်းဌာန IRNA က ပြောကြားလိုက် ပါတယ်။

 

အစ္စမေးလ်ဟန်နီယက်ဟာ အီရန်သမ္မတရာထူးအပ်နှင်းပွဲတက်ရောက်ဖို့အတွက် အီရန်နိုင်ငံမြောက်ပိုင်းမှာ ရောက်ရှိနေပြီး အိမ်တစ်အိမ်မှာတည်းခိုနေစဉ် အခုလို လုပ်ကြံခံလိုက်ရတာဖြစ်ပါတယ်။

 

ဟန်နီယက်ကို လုပ်ကြံသတ်ဖြတ်မှုကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ပြတ်သားတဲ့သံန္နိဋ္ဌာန်စိတ်ကို ပိုမို ခိုင်မာလာမှာဖြစ်ပြီး အစ္စရေးကို တိုက်ခိုက်ရာမှာ ပိုမိုအားကောင်းလာမှာဖြစ်ကြောင်း ဟစ်ဘိုလာအဖွဲ့က ပြော ပါတယ်။ ဟန်နီယက်သေဆုံးသွားတဲ့အတွက် ၎င်းရဲ့မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြောင်းကိုလည်း ဟစ်ဘိုလာအဖွဲ့ က တယ်လီဂရီပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

“ဟန်နီယက် လုပ်ကြံခံရမှုအတွက် အစ္စရေးအနေနဲ့ တန်ဖိုးကြီးကြီးပေးဆပ်ရမှာဖြစ်ကြောင်း” အစိုးရအကြံပေး အဖွဲ့ကောင်စီအဖွဲ့ဝင်နဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့စစ်ဦးစီးချုပ်ဟောင်း မိုဆန်ရီဇမီက ပြောပါတယ်။

 

“ပါလက်စတိုင်းနိုင်ငံရဲ့ ဂုဏ်ယူစရာ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လွတ်လပ်တဲ့အာဇာနည်တစ်ဦးဖြစ်တဲ့ အစ္စမေးလ်ဟန်နီယက် သေဆုံးမှုအတွက် အထူးကြေကွဲဝမ်းနည်းမိကြောင်း ပြောလိုပါတယ်။” လို့ ၎င်းက ပြော ပါတယ်။

 

ဟားမတ်စ်ခေါင်းဆောင်တစ်ဦးကို အခုလိုလုပ်ကြံသတ်ဖြတ်လိုက်တာဟာ “အလွန်ယုတ်မာတဲ့အကြမ်းဖက်ရာ ဇဝတ်မှုတစ်ခု” ကို ကျူးလွန်လိုက်တာဖြစ်သလို ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်လိုက်တာလည်းဖြစ်ကြောင်း ဟူသီသူပုန်အဖွဲ့ရဲ့နိုင်ငံရေးဗျူရိုအဖွ့ဲဝင် မိုဟာမက်အလီအယ်လ်ဟူသီက ပြောပါတယ်။

 

ပါလက်စတိုင်းတွေဘက်က ခိုင်ခိုင်မာမာ ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယီမင်နိုင်ငံထဲမှာရှိတဲ့ ဟူသီသူပုန် တွေဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲမှာ အစ္စရေးနဲ့ ဆက်နွယ်ပြီး ဖြတ်သန်းသွားလာနေတဲ့သင်္ဘောတွေ ကို လပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့ပါတယ်။

 

အစ္စရေးက ဂါဇာဒေသမှာဆင်နွှဲနေတဲ့ စစ်ပွဲအဆုံးသတ်မှာ ၎င်းတို့ရဲ့တိုက်ခိုက်မှုတွေလည်း အဆုံးသတ်မှာဖြစ် ကြောင်း ဟူသီသူပုန်အဖွဲ့က ပြောပါတယ်။

 

Ref: Hamas chief Ismail Haniyeh assassinated in Iran

 

#PeopleMedia


Share this post