ဟားမတ်စ်အဖွဲ့ကို ကမ္ဘာမြေပေါ်ကပျောက်ကွယ်သွားအောင် ချေမှုန်းပစ်မယ်လို့ အစ္စရေးအစိုးရသစ်အဖွဲ့ပြော
PUBLISHED - October 12, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၂
အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုနဲ့ အတိုက်အခံပါတီခေါင်းဆောင် ဘန်နီဂန့်ဇ်တို့ဟာ ဟားမတ်စ်စစ် သွေးကြွအုပ်စုကို တန်ပြန်ချေမှုန်းရာမှာ စစ်ပွဲကိုကြီးကြပ်ကွပ်ကဲနိုင်ဖို့အတွက် စစ်ပွဲအတွင်း အရေးပေါ်အစိုးရ တစ်ရပ်ဖွဲ့စည်းဖို့ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၁၁ ရက်နေ့) က သဘောတူညီလိုက်ကြပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုဟာ ၂၃၀၀ ထက်မနည်းရှိနေပြီဖြစ်ပြီး ဝန်ကြီးချုပ်နတန်ယာ ဟုကတော့ ဟားမတ်စ်အဖွဲ့ဝင်တွေကို ကမ္ဘာမြေပေါ်ကနေ တစ်ယောက်မကျန် အကုန်ချေမှုန်းသုတ်သင်ပစ်မယ် လို့ ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ (စနေနေ့) က ဟားမတ်စ်စစ်သွေးကြွအဖွဲ့ဟာ အစ္စရေးနိုင်ငံတွင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အစ္စရေးအရပ်သားအများအပြားကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့အတွက် ဟားမတ်စ်အ ဖွဲ့ကို အပြီးတိုင်ချေမှုန်းတိုက်ခိုက်ဖို့ အစ္စရေးလူထုက အစ္စရေးအစိုးရကို ဖိအားပေးနေပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးအရပ်သားတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း၊ ယောက်ျား/မိန်းမအကုန် လုံးကို ကြိုးချည်ပြီး နဖူးကိုတေ့ပစ်ခဲ့ကြောင်း၊ တချို့ကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့သလို အမျိုးသမီးတွေကို မုဒိန်းကျင့်ပြီး ဖမ်းမိတဲ့စစ်သားတွေကို ခေါင်းဖြတ်သတ်ပစ်ခဲ့ကြကြောင်း နတန်ယာဟုက ပြောပါတယ်။
စစ်သွေးကြွအုပ်စုဟာ အစ္စရေးစစ်သားတွေ၊ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအ ဝင် အရပ်သားတွေ ၁၅၀ ဝန်းကျင်လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသလို အခုငါးရက်အတွင်း မှာလည်း အစ္စရေးနိုင်ငံထဲကို ဒုံးကျည်ပေါင်းထောင်ကျော် ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရသစ်အဖွဲ့ဟာ စစ်ရေးကိစ္စတစ်ခုတည်းကိုသာ အာရုံစိုက်ဆောင်ရွက်သွားမှာဖြစ်ပြီး အခုဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်အဖွဲ့ကို နတန်ယာဟု၊ ဘန်နီဂန့်ဇ်၊ ထိပ်တန်းအတိုက်အခံခေါင်းဆောင်တစ်ဦး၊ ကာကွယ်ရေးဝန်ကြီး ဟောင်းနဲ့ လက်ရှိကာကွယ်ရေးဝန်ကြီး ယူအက်ဗ်ဂါးလန့်တို့ ဦးဆောင်သွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ အစ္စရေးနိုင်ငံရဲ့ အဓိကအတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ယီယာလာပစ်ကို အစိုးရသစ်အဖွဲ့ထဲပါဝင်ဖို့ ဖိတ်ကြားထားပေမဲ့ ၎င်းက ချက်ချင်းအကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့အတွက် ဂါဇာ ဘက်မှာ အပျက်အစီးပုံတွေနဲ့ အလောင်းတွေထပ်နေသလို မြေပြင်တိုက်ပွဲတွေမှာလည်း နှစ်ဖက်စလုံးမှာအကျ အဆုံးတွေရှိနေပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့က အစ္စရေးနိုင်ငံတောင်ပိုင်း အက်ရှ်ခီလွန်မြို့ကို ဒုံးကျည်တွေနဲ့ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသက ပြည်သူ ၂၆၀၀၀၀ ကတော့ စစ်ဘေးလွတ်မယ်ထင်တဲ့နေရာကို ထွက်ပြေးနေကြပြီး အများစုက ကုသလမဂ္ဂကျောင်းတွေထဲမှာ ဝင်ရောက်ခိုလှုံနေကြသလို တချို့ကလည်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။
အစ္စရေးအစိုးရဟာ တနင်္လာနေ့ (အောက်တိုဘာလ ၉ ရက်နေ့) ကစပြီး ဂါဇာကမ်းမြောင်ဒေသကို စားနပ်ရိက္ခာ၊ ရေ၊ လောင်စာဆီနဲ့ ဆေးဝါးတွေ တင်သွင်းနေတာကို ပိတ်ပင်ထားလိုက်ပါတယ်။
စနေနေ့က ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုဟာာ ဟိုလိုကက်ဖြစ်စဉ်ပြီးကတည်းက အစ္စရေးလူမျိုးတွေအတွက် အ ဆိုးရွားဆုံးနေ့ရက်ဖြစ်ကြောင်း၊ ဒီတိုက်ခိုက်မှုဟာ အမုန်းတရားတစ်ခုတည်းသက်သက်မဟုတ်ဘဲ အစ္စရေးတွေ ကို ရက်ရက်စက်စက်ချေမှုန်းသုတ်သင်ပစ်ဖို့ ဆင်နွှဲခဲ့တဲ့စစ်ပွဲဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြော ပါတယ်။
စစ်ပွဲအတွင်းကို ဝင်ရောက်မလာဖို့ တခြားနိုင်ငံတွေနဲ့ လက်နက်ကိုင်အုပ်စုတွေကို အမေရိကန်အစိုးရက အင်္ဂါ နေ့က သတိပေးလိုက်ပြီး အစ္စရေးနိုင်ငံကိုလည်း လက်နက်ခဲယမ်းတွေ အမြန်ပေးပို့ကာ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောအုပ်စုတစ်စုကိုလည်း မြေထဲပင်လယ်ဘက်ကို စေလွှတ်လိုက်ပါတယ်။
အစ္စရေးနိုင်ငံဘက်မှာ အစ္စရေးတပ်ဖွဲ့ဝင် ၁၈၉ ဦးအပါအဝင် လူပေါင်း ၁၂၀၀ ကျော်သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ကြေညာခဲ့သလို ဂါဇာကမ်းမြောင်ဒေသမှာလည်း လူပေါင်း ၁၁၀၀ သေဆုံးသွားပြီဖြစ်တယ် လို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။
အစ္စရေးနိုင်ငံတွင်း လိုက်လံရှင်းလင်းတိုက်ခိုက်ရာမှာ စစ်သွေးကြွ ၁၅၀၀ ဝန်းကျင်ကို သုတ်သင်နိုင်ခဲ့သလို ဂါ ဇာကမ်းမြောင်ဒေသတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာလည်း ဟားမတ်စ်အဖွဲ့ဝင်တွေ ရာနဲ့ချီပြီး ပါဝင်တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။
Ref: Israel’s new war cabinet vows to wipe Hamas off the earth
#PeopleMedia