ဟားမတ်စ်အဖွဲ့ရှုံးသွားရင် အစ္စရေးဟာ တူရကီဘက်ကို ခြေဦးလှည့်လာမှာဖြစ်ကြောင်း အာဒိုဂန်ပြော

PUBLISHED - May 16, 2024
နိုင်ငံတကာ၊ မေ ၁၆
ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်အဖွဲ့ကို အနိုင်ရသွားခဲ့ရင် အစ္စရေးနိုင်ငံဟာ တူရကီဘက်ကို ခြေဦးလှည့် လာမှာဖြစ်ကြောင်း သမ္မတရီဆက်တေယစ်အာဒိုဂန်က ဗုဒ္ဓဟူးနေ့ (မေလ ၁၆ ရက်နေ့) က ပြောကြားလိုက်ပါ တယ်။
အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုဖြစ်ပွားလာပြီးနောက် ပါလက်စတိုင်းနယ်မြေက အစ္စရေး စစ်ပွဲ ကို ဝေဖန်ခဲ့တဲ့ အာဒိုဂန်ဟာ ပါလက်စတိုင်းအုပ်စုကို ကိုယ့်နိုင်ငံကိုယ်ကာကွယ်သူတွေအဖြစ် မကြာခဏ ထောက်ခံပြောကြားခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့ကို အစ္စရေး၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ် မှတ်ထားတာဖြစ်ပါတယ်။
“အစ္စရေးဟာ ဂါဇာမှာတင်ရပ်တန့်သွားလိမ့်မယ်လို့ မထင်ပါနဲ့။” လို့ အန်ကာရာမှာကျင်းပတဲ့ လွှတ်တော်အစည်း အဝေးမှာ ၎င်းရဲ့ပါတီဝင်လွှတ်တော်အမတ်တွေကို အာဒိုဂန်က ပြောပါတယ်။
“အစ္စရေးကို မတားဆီးနိုင်ဘူးဆိုရင် ဒီဆိုးယုတ်ကောက်ကျစ်တဲ့ အကြမ်းဖက်နိုင်ငံဟာ အနှေးနဲ့ အမြန်ဆိုသလို အနာတိုလီယာဘက်ကို ခြေဦးလှည့်လာမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
တူရကီနိုင်ငံပိုင်နက်မြေ တစ်ဝက်ကျော်ပါဝင်ပြီး Asia Minor လို့လည်းခေါ်တဲ့ တူရကီပိုင်ကျွန်းဆွယ် အနာတိုလီ ယာ (Anatolia) ကို အာဒိုဂန်က ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
“သူတို့မြေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေပြီး အနာတိုလီယာကျွန်းဆွယ်အတွက် ကာကွယ်နေတဲ့ ဟားမတ်စ်တွေဘက်က ကျွန်တော်တို့ ဆက်လက်ထောက်ခံရပ်တည်သွားမှာပါ။” လို့ ၎င်းကပြောပါတယ်။
ဂါဇာဒေသမှာ စစ်ပွဲဆက်လက်ဖြစ်ပွားနေစဉ်အတွင်း ဟားမတ်စ်စစ်သွေးကြွ ၁၀၀၀ ကျော်ကို တူရကီနိုင်ငံက ဆေးရုံတွေမှာ ဆေးဝါးကုသပေးနေကြောင်း သမ္မတအာဒိုဂန်က တနင်္လာနေ့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာ အရပ်သား အများစုဖြစ်တဲ့ လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ဓားစာခံ ၂၅၀ ဝန်းကျင်အဖမ်းခံခဲ့ရပါတယ်။
အလားတူ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူ ငယ်အများစုပါဝင်တဲ့ ပါလက်စတိုင်းပြည်သူ ၃၅၀၀၀ သေဆုံးခဲ့ကြောင်း ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
Ref: Erdogan Says Israel Will ‘Set Sights’ on Turkey if Hamas Defeated
#PeopleMedia