ဟားမတ်စ်အဖွဲ့ဝင် ၁၀၀၀ ကျော် တူရကီမှာ ဆေးဝါး ကုသမှုခံယူနေကြောင်း သမ္မတအာဒိုဂန်ပြော
PUBLISHED - May 14, 2024
နိုင်ငံတကာ၊ မေ ၁၄
ပါလက်စတိုင်းတိုက်ခိုက်ရေးသမား ဟားမတ်စ်အဖွဲ့ဝင် ၁၀၀၀ ကျော် တူရကီနိုင်ငံတစ်ဝန်းက ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူနေကြောင်း တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်က မေလ ၁၃ ရက်နေ့က ပြောကြား လိုက်ပါတယ်။
ဟားမတ်စ်တွေဟာ အကြမ်းဖက်သမားတွေမဟုတ်ဘဲ တော်လှန်ရေးသမားတွေသာဖြစ်ကြောင်းလည်း အာဒို ဂန်က ပြောပါတယ်။
နောက်ပိုင်းမှာ တူရကီအရာရှိတစ်ဦးက “အာဒိုဂန်ဟာ စကားမှားပြောမိတာဖြစ်ကြောင်း၊ သူပြောတဲ့အဓိပ္ပာယ် က တူရကီနိုင်ငံမှာ ဂါဇာဒေသခံတွေ ဆေးဝါးကုသမှုခံယူနေတယ်လို့ ဆိုလိုတာဖြစ်ကြောင်း” ပြောပါတယ်။
“ဟားမတ်စ်အဖွဲ့ကို အကြမ်းဖက်အုပ်စုလို့ ခေါ်လိုက်ရင် ကျွန်တော်တို့ စိတ်နှလုံးကို ထိခိုက်စေပါတယ်။” လို့ အန်ကာရာမှာ ဂရိဝန်ကြီးချုပ်ကျူရီယာကို့စ် မစ်တိုတားကစ်နဲ့အတူ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဒိုဂန်က ပြောပါတယ်။
“ကျွန်တော်တို့ကတော့ ဟားမတ်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် မယူဆပါဘူး။ ဟားမတ်စ်အဖွဲ့ ဝင် ၁၀၀၀ ကျော် ကျွန်တော်တို့နိုင်ငံက ဆေးရုံတွေမှာဆေးဝါးကုသမှုခံယူနေပါတယ်။” လို့ ၎င်းကပြောပါတယ်။
အာဒိုဂန်ဆိုလိုတာ ဟားမတ်စ်အဖွဲ့ဝင်တွေထက် ယေဘုယျအားဖြင့် ဟားမတ်စ်အုပ်ချုပ်နေတဲ့ ဂါဇာဒေသက ပါလက်စတိုင်းလူမျိုးတွေကို ရည်ညွှန်းတာသာဖြစ်ကြောင်း နောက်ပိုင်းမှာ အမည်မဖော်လိုတဲ့ တူရကီအရာရှိ တစ်ဦးက ပြောပါတယ်။
“သမ္မတကြီးအာဒိုဂန် စကားမှားသွားတာပါ။ သူဆိုလိုတာက ဂါဇာဒေသခံ ၁၀၀၀ ကျော် လာရောက်ဆေးဝါးကု သနေတယ်လို့ ဆိုလိုတာပါ။ ဟားမတ်စ်အဖွဲ့ဝင်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
အာဒိုဂန်ပြောတဲ့ ဆေးဝါးကုသမှုခံယူနေတယ်ဆိုသူတွေရဲ့ နောက်ခံအကြောင်းရင်းနဲ့ပတ်သက်ပြီး ရိုက်တာသ တင်းဌာနက ချက်ချင်းအတည်မပြုနိုင်ပါဘူူး။
ဒါပေမဲ့ ဂါဇာဒေသကို အစ္စရေးက ထိုးစစ်ဆင်တိုက်ခိုက်လာပြီးနောက်မှာ ဂါဇာဒေသခံလူနာအများအပြား အထူး သဖြင့် ကင်ဆာဝေဒနာသည်အများစုကို တူရကီနိုင်ငံက ဘေးကင်းလုံခြုံရာ ရွှေ့ပြောင်းပေးမှာဖြစ်ကြောင်း ပြီးခဲ့ တဲ့နှစ် နိုဝင်ဘာလအတွင်း တူရကီအစိုးရက ပြောကြားခဲ့ပါတယ်။
Ref: Erdogan defends Hamas, says members are being treated in Turkish hospitals
#PeopleMedia