ဟားရစ်က ယူကရိန်းကို ထောက်ပံ့မယ်လို့ ကတိပြုလိုက်ပြီးနောက် ဇီလန်စကီးနဲ့ တွေ့ဆုံသွားမယ်လို့ ထရမ့်ပြော
PUBLISHED - September 27, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၇
အမေရိကန်သမ္မတလောင်းမဲဆွယ်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုလိုက်သလို ရုရှား-ယူကရိန်းစစ်ပွဲမှာ ယူက ရိန်းစွမ်းရည်ကို သံသယရှိကြောင်းပြောဆိုလိုက်ပြီးနောက် ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးနဲ့ သောကြာ နေ့ (စက်တင်ဘာ ၂၇ ရက်နေ့) မှာ တွေ့ဆုံသွားမှာဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
အမေရိကန်မဟာမိတ် ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၈ ဘီလျံကျော် ပေးအပ်သွားမှာဖြစ်တယ် လို့ ဒီမိုကရက်တစ်သမ္မတဂျိုးဘိုင်ဒန်က ကြေညာလိုက်ပြီး နာရီပိုင်းအကြာမှာပဲ ဇီလန်စကီးနဲ့ တွေ့ဆုံသွားမှာဖြစ် ကြောင်း နိုဝင်ဘာ ၅ ရက်နေ့မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရီပတ်ဘလီကန်သမ္မတလောင်းထရမ့်က ကြာသပ တေးနေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။
ဇီလန်စကီးဟာ ထရမ့်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေတာ ကြာပြီဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဇူလိုင်လအတွင်းက ဖုန်းနဲ့ စကားပြောဆိုခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် ထရမ့်သက်တမ်းကုန်ဆုံးသွားကတည်းက အပြင်မှာ လူကိုယ်တိုင် တွေ့ ဆုံရခြင်းမရှိသေးပါဘူး။
ရွေးကောက်ပွဲမှာ ကမ္မလာဟားရစ်ကို အနိုင်ရခဲ့ရင် ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီမှုတစ်ခုရရှိအောင် အမြန်ဆောင်ရွက်သွားနိုင်ကြောင်း ထရမ့်က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်းပြောကြား ခဲ့ပါတယ်။
“သမ္မတဇီလန်စကီးက ကျွန်တော်နဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပါတယ်။ မနက်ဖြန်မနက် ၉ နာရီ ၄၅ မိနစ်မှာ Trump Tower မှာ ကျွန်တော် သူနဲ့ တွေ့ဆုံမှာပါ။” လို့ ထရမ့်က ပြောပါတယ်။
ရုရှားနိုင်ငံနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိဖို့အတွက် ယူကရိန်းနိုင်ငံဟာ ၎င်းတို့ရဲ့ နယ်နိမိတ်တစ်ခုခု ကို စွန့်လွှတ်ရနိုင်ဖွယ်ရှိပါသလားလို့ သတင်းထောက်တစ်ဦးက မေးတဲ့အခါ အဲဒီကိစ္စကိုလည်း ထည့်သွင်း စဉ်း စားထားကြောင်း ထရမ့်က ပြောပါတယ်။ “ဘာတွေဖြစ်မယ်ဆိုတာ မြင်ရမှာပါ။” လို့ ထရမ့်က ပြောပါတယ်။
ထရမ့်ပြောကြားချက်ထွက်ပေါ်လာပြီး အချိန်တိုအတွင်းမှာပဲ ကမ္မလာဟားရစ်က ယူကရိန်းကိုထောက်ပံ့သွား မှာဖြစ်ကြောင်း ကတိပြုလိုက်ပြီး ထရမ့်နာမည်မတပ်ဘဲ “ရုရှားနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ယူကရိန်းမြေကို ပေး လိုက်မယ့်သူတွေဟာ အရှုံးပေးအညံ့ခံရေးအဆိုပြုချက်တွေကို ထောက်ခံပံ့ပိုးနေတဲ့သူတွေဖြစ်ပါတယ်။” လို့ ပြောကြားလိုက်ပါတယ်။
ရုရှားနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်မချုပ်တဲ့အတွက် ဇီလန်စကီးကို ထရမ့်က ဝေဖန်တိုက်ခိုက်လိုက်ပြီး တစ် ရက်အကြာ အိမ်ဖြူတော်မှာ ဇီလန်စကီးဘေးကနေ ဟားရစ်က စကားပြောခဲ့တာဖြစ်ပါတယ်။ အခုတစ်ကြိမ် ဟားရစ် ဇီလန်စကီးနဲ့ တွေ့ဆုံတာ ဒီနှစ်ထဲမှာ ၇ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာ ထရမ့်က ၎င်းနဲ့တွေ့ဆုံဖို့ ဇီလန်စကီးရဲ့ တောင်းဆိုချက်ကို ပယ်ချမယ်လို့ ခြိမ်း ခြောက်ပြီးမှ တွေ့ဆုံမယ်လို့ ကြာသပတေးနေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။
Ref: Trump to meet Ukraine’s Zelenskiy after Harris pledges support
#PeopleMedia